မကွေးမှာ စစ်အုပ်စုက တစ်ရက်လေးကြိမ်နှုန်း ဗုံးကြဲနေပြီး နှစ်ရက် ပြည်သူတစ်ယောက်နှုန်း သေဆုံး၊

၁၀ လအတွင်း အကြိမ် ၁၃၀၀ ဗုံးကြဲခဲ့ပြီး ကလေးသူငယ်တွေ အပါအဝင် သေဆုံးသူ ၁၈၉ ဦး ရှိ၊
အီသာရမ်/MFP၊ နိုဝင်ဘာ-၁၅
မကွေးဖက်ဒရယ်ယူနစ်အတွင်း အာဏာသိမ်း စစ်အုပ်စုက တစ်နေ့ကို အနည်းဆုံး လေးကြိမ်နှုန်း ဗုံးပတ်ကြဲ သတ်ဖြတ်လို့ နှစ်ရက်ကို ဒေသခံပြည်သူ တစ်ယောက်နှုန်း ဗုံးထိမှန် သေဆုံးတယ်လို့ ကြားကာလ မကွေး ဖက်ဒရယ်ယူနစ် အစိုးရက ထုတ်ပြန်ပါတယ်။
၂၀၂၆ ဇန်နဝါရီကနေ အောက်တိုဘာ လကုန်အထိ ၁၀လအတွင်း မကွေးဖက်ဒရယ်ယူနစ်အတွင်း စစ်အုပ်စုက အကြိမ် ၁၃၀၀ ဗုံးကြဲခဲ့တာ ဖြစ်ပြီး ၁၈၉ ဦး သေဆုံးကာ ၃၅၀ ကျော် ဒဏ်ရာရတယ်လို့ မကွေး ဖက်ဒရယ်ယူနစ် အစိုးရ လူအခွင့်ရေးဌာနက မှတ်တမ်းပြုစု ဖော်ပြပါတယ်။
လေယာဉ်နဲ့ ၈၈၁ ကြိမ်၊ ဒရုန်းနဲ့ ၂၂၃ကြိမ်၊ ဂျိုင်အိုကော်ပတာ (Gyrocopter) နဲ့ ၁၁၃ ကြိမ်၊ ပါရာမော်တာ (Paramotor – စက်တပ်လေထီး) နဲ့ ၈၃ကြိမ် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲခံရလို့ သေဆုံးသူ ၁၈၉ ဦးအနက် ၂၅ ဦးဟာ ကလေးသူငယ်တွေ ဖြစ်ပြီး ဒဏ်ရာရသူ ၃၅၀ ကျော်အနက် ၂၆ဦးဟာလည်း ကလေးသူငယ်တွေ ဖြစ်တယ်လို့ မကွေး ယူနစ်အစိုးရက ဖော်ပြပါတယ်။

ဒါ့အပြင် ဗုံးကြဲခံရလို့ ဆေးရုံဆေးခန်း အပါအဝင် ဆေးဘက်ဆိုင်ရာ အဆောက်အအုံ သုံးခု၊ စာသင်ကျောင်း ၂၀၊ ဘာသာရေး အဆောက်အအုံ ၂၈ ခု နဲ့ အိုးအိမ်အများအပြားလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၄ရက် မနေ့က ညနေ ၄နာရီဝန်းကျင်အချိန်ကပဲ မကွေးမြို့ကနေ ပျံတက်လာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နယ်အနောက်ခြမ်း၊ တဲကြီးရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူတွေကို အဓိက ပစ်မှတ်ထားကာ စစ်အုပ်စုက ငါးကြိမ် ဗုံးကြဲရာ အသက် နှစ်နှစ်ဝန်းကျင် ကလေးငယ်နဲ့ မိခင်တို့ သားအမိနှစ်ဦး သေဆုံးခဲ့ပါတယ်။
စစ်အုပ်စုဟာ လွန်ခဲ့တဲ့ ခြောက်လကျော်၊ မေလက စတင်ပြီး ပေါက်နဲ့ မြိုင်နယ်ရှိ ရေနံမှော်၊ ရေနံတွင်း တွေဘက် ဦးတည်ကာ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်တွေနဲ့ နေ့စဉ် နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေကာ မြေပြင်တိုက်ပွဲ အထိနာ အသေများတိုင်း ပြည်သူကို ပစ်မှတ်ထားကာ ဗုံးကြဲသလို စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက် တိုက်ပွဲမရှိချိန်တွေလည်း ဗုံးပတ်ကြဲနေတာ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ယခုလတွေအတွင်း ပခုက္ကူမြို့ရှိ စစ်အုပ်စုရဲ့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ် ကနေလည်း မြိုင်နဲ့ ပေါက်နယ်ထဲ နေ့ရောညပါ ဒရုန်းတွေနဲ့ ဗုံးပတ်ကြဲနေတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ – ပကဖ တာဝန်ခံက MFP ကို ပြောပါတယ်။
“၁၀၁ (တပ်မ) ကနေ ဒရုန်းတွေကတော့ မြိုင်ဘက်ကတော့ ညတိုင်းကို လာနေတော့တာ။ တစ်ညကို နှစ်စီး၊ သုံးစီး၊ ပြောရရင်တော့ သူတို့က ရည်ရွယ်ချက်ရှိရှိကို အရပ်သားတွေအပေါ် ယုတ်မာနေတာ။ ညကြီးကို ဒရုန်းလာတယ်ဆိုတော့ စဉ်းစားသာ ကြည့်ပေတော့။ ဒီကောင်တွေက စစ်ရေး အခြေအနေ နိမ့်တော့ အရပ်သားတွေကို အကြောက်တရားဝင်အောင် ရည်ရွယ်ချက်ရှိရှိကို လျှောက် လုပ်နေတာ”

လက်ရှိမှာ စစ်အုပ်စုက မကွေးလေတပ် အပါအဝင် ပုဂံ-ညောင်ဦး လေဆိပ်ကို သုံးကာ ပေါက်နဲ့ မြိုင်နယ်ထဲ ဗုံးပတ်ကြဲနေသလို ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေလည်း ဒရုန်းတွေနဲ့ တိုက်ခိုက် နေတာကြောင့် ဒေသခံ ပြည်သူတွေ ရပ်ရွာထဲ မနေရဲဘဲ စစ်ဘေးရှောင်နေထိုင်နေကြရပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မကွေး အပါအဝင် နိုင်ငံတဝန်းက အရပ်သားပြည်သူတွေကို နေ့စဉ် ဗုံးပတ်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။



ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်နယ်ထဲ စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ ထိခိုက်သေဆုံး၊ ပျက်စီးမှုတွေနဲ့ ပြည်သူကို ဗုံးကြဲရာမှာ အသုံးပြုတဲ့ စစ်အုပ်စုရဲ့ ဒရုန်းတစ်စင်း/Photo – ဒေသခံ
MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ပေါက်နဲ့မြိုင်နယ် #စစ်ဘေးရှောင်ပြည်သူ



