သတင်းအညာမြေ တော်လှန်ရေး

ချင်းတပ်တွေဖြစ်တဲ့ CC နဲ့ CPA တို့ စစ်ရေးအရ စတင်ပူးပေါင်းဖို့ သဘောတူညီ၊

ကျန်နေတဲ့ CB အဖွဲ့ဝင်တွေပါ ပါဝင်ရေး ဆက်လက် ဆွေးနွေးဖို့လည်း သဘောတူ၊

ဝင်းသိန်း/MFP၊ နိုဝင်ဘာ – ၂၀

ချင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ဖြစ်တဲ့ ချင်း ပြည်သူ့အစည်းအရုံး/ ချင်း ပြည်သူ့တပ်မတော် (CPU/CPA) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ကြား ကနဦး စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ နောက်ထပ် တွေ့ဆုံပွဲတွေမှာ အခု မပါဝင်သေးတဲ့ ချင်းညီနောင် (Chin Brotherhood-CB) အဖွဲ့ဝင်တွေပါ ပါဝင်လာနိုင်ရေး ဆက်လက်ဆွေးနွေးဖို့ သဘောတူညီချက် ရရှိခဲ့ တယ်လို့ CPU/CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအောင်မင်းက MFPကို ပြောပါတယ်။

ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေကြား နိုဝင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်တွေက ချင်းပြည်အတွင်း နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဲဒီဆွေးနွေးပွဲရလဒ်တွေကို နိုဝင်ဘာ ၁၈ ရက်မှာ ပူးတွဲထုတ်ပြန်ခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲကို နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ ဥက္ကဋ္ဌအဖွဲ့တွေ၊ အတွင်းရေးမှူးအဖွဲ့တွေနဲ့ စစ်ဘက်ဆိုင်ရာ တပ်မှူးကြီးတွေ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြပြီး နွေဦးတော်လှန်ရေး ခြောက်နှစ်တာ ကာလ အတွင်း ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အဓိကထား ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ချင်းတော်လှန်ရေးတပ်တွေကြား နိုင်ငံရေးအရ သဘော ထားကွဲလွဲမှုတွေကို ဖြေရှင်းနိုင်ဖို့ အချိန်ယူ ဆွေးနွေးရဦးမှာ ဖြစ်တာကြောင့် မြေပြင်မှာ လက်တွေ့ အကောင်အထည် ဖော်မယ့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ကနဦး စတင်လုပ်ဆောင်မှာ ဖြစ်တယ်လို့ CPU/CPA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအောင်မင်းက MFP ကို ပြောပါတယ်။

“ဒီတွေ့ဆုံမှုမှာတော့ ကျနော်တို့ ခိုင်မာတဲ့ သဘောတူညီမှုတွေ ရရှိတာ အဓိက နံပါတ်(၁)က စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မယ်၊ ပြီးရင်တော့ နိုင်ငံရေးအရ ပူးပေါင်းနိုင်ရေးကိုလည်း ဆက်လက်ပြီးမှ တွေ့ဆုံ ဆွေးနွေးသွားမယ်၊ ပြီးရင် နောက်ထပ် တွေ့ဆုံမှုတွေမှာတော့ အခုမပါသေးတဲ့ ချင်းညီနောင် အဖွဲ့ဝင်တွေကို ပါဝင်နိုင်ရေးကိုလည်း ကျနော်တို့ သဘောတူညီထားတာ ရှိပါတယ်”

ချင်းတော်လှန်ရေး အင်အားစုတွေကြား တစုတစည်းတည်း ဖြစ်လာဖို့အတွက် နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေက အဓိက အတားအဆီးတစ်ခု ဖြစ်နေပေမယ့် အခုလို မြေပြင်တွေ့ဆုံမှုတွေကနေတဆင့် အချင်းချင်းကြား ရင်းနှီးမှုနဲ့ ယုံကြည်မှုတွေကို ပြန်လည် တည်ဆောက်နိုင်ခဲ့တယ်လို့ သူက ဆက် ပြောပါတယ်။

ဒါ့အပြင် အခုတွေ့ဆုံပွဲကနေ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ၂၀၂၆ မကုန်မီမှာပဲ လက်တွေ့ စတင် အကောင်အထည် ဖော်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်သလို နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေကိုလည်း နောက်တစ်ကြိမ် တွေ့ဆုံမှုတွေမှာ ဆက်တိုက် ဆွေးနွေးအဖြေရှာဖို့ လမ်းစဉ် ချမှတ်ထားတယ်လို့ ဆိုပါတယ်။

“ချင်းလက်နက်ကိုင်တွေ စုစည်းဖို့အတွက် အဓိက အတားအဆီးကတော့ ကျနော်တို့ နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပါတယ်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကိုလည်း မကြာခင်မှာ ကျနော်တို့ နောက်ထပ် တွေ့ဆုံမှုမျိုး ဆက်တိုက်ဆက်တိုက် လုပ်ဆောင်ပြီးတော့ ဖြေရှင်းနိုင်ဖို့ကိုလည်း ကျနော်တို့ လမ်းစဉ်တွေ သေချာ ချမှတ်ထားတာ ရှိပါတယ်။ မကြာခင်မှာပဲ ဒီဟာကို ဖြေရှင်းနိုင်လိမ့်မယ် လို့လည်း ယုံကြည်ထားပါတယ်” လို့ ဆလိုင်းအောင်မင်းက ပြောပါတယ်။

အခု တွေ့ဆုံပွဲကနေ အချင်းချင်းကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ခဲ့တာကြောင့် ရှေ့ဆက်ပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်မယ့် အခင်းအကျင်းကောင်းတွေ ဖြစ်ပေါ်လာပြီလို့လည်း သူက သုံးသပ်ပါတယ်။

“ဒီလို မြေပြင်မှာ တွေ့ဆုံမှုတွေ လုပ်ဆောင်နေတာကတော့ ကျနော်တို့ရဲ့ သဘောထားကွဲလွဲမှုတွေကို လျှော့ချ နိုင်ဖို့အတွက် တော်တော်ကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ဒီလို တွေ့ဆုံမှုကနေတဆင့် ကျနော်တို့ အချင်းချင်းကြားမှာ ရင်းနှီးမှုတွေ၊ ယုံကြည်မှုတွေ ပြန်လည် တည်ဆောက်နိုင်တယ်။ နောက်တစ်ကြိမ်လည်း ဒီလိုတွေ့ဆုံမှုတွေ ဆက်ပြီးမှ လုပ်နိုင်မယ့် အနေအထား အခင်းအကျင်း ဖြစ်လာတယ်ဆိုတော့ ဒီတွေ့ဆုံမှုက ကျနော်တို့ရဲ့ သဘောထားကွဲလွဲမှုတွေ လျှော့ချနိုင်ဖို့အတွက် တော်တော်ကို အထောက်အကူပြုတဲ့ တွေ့ဆုံမှုမျိုးလို့ ပြောလို့ရပါတယ်”

ထုတ်ပြန်ချက်မှာတော့ CPU/CPA နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ချင်းပြည် လွတ်မြောက်ရေး အတွက် ခုခံတွန်းလှန်စစ်ကို နည်းလမ်းပေါင်းစုံနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်သလို နွေဦးတော်လှန်ရေး ကာလအတွင်း ပေါက်ဖွားလာတဲ့ ချင်းလက်နက်ကိုင်အဖွဲ့အစည်းတွေ စုစည်း ညီညွတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး လုပ်ငန်းစဉ်တွေကို တခြား မဟာမိတ်တွေနဲ့အတူ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ ချင်းပြည်နယ်ရဲ့ စစ်ရေးအခြေအနေဟာ တော်လှန်ရေးအင်အားစုတွေဘက်က မြို့နယ် အများစုနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း အတော်များများကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်အုပ်စုဘက်ကလည်း လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေနဲ့ အရေးပါတဲ့ ဗျူဟာမြောက် မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေသလို ပေါ်တာဆွဲ စစ်သားသစ်တွေ အသုံးချကာ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ယခု ၂၀၂၆ အတွင်း စစ်အုပ်စုက ချင်းပြည် ဒုတိယမြို့တော် ဖလမ်းမြို့ အပါအဝင် ချင်းပြည် မြောက်ပိုင်းရှိ စစ်ရှုံးမြို့ အတော်များများကို ပြန်လည် သိမ်းယူနိုင်သလို ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးမြို့တွေ ပြန်ရရေးအတွက်လည်း အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ ချင်းတော်လှန်ရေးအင်အားစုတွေအတွင်း ချင်းလဲန်းကောင်စီ (CC) ဦးဆောင်တဲ့ အဖွဲ့တွေနဲ့ ချင်းညီနောင်အဖွဲ့ (CB) တို့ကြား နိုင်ငံရေးနဲ့ နယ်မြေအုပ်ချုပ်ရေးဆိုင်ရာ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။

အခုလို အဖွဲ့အစည်းတွေကြား မြေပြင်တွေ့ဆုံညှိနှိုင်းမှုတွေ ပြန်လည်စတင်လာနိုင်တာဟာ စစ်အုပ်စုရဲ့ ထိုးစစ်တွေကို စုစည်းခုခံနိုင်ဖို့နဲ့ ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ချင်း #CPU #CC

Related Articles

Back to top button