
စစ်အုပ်စုက ဗုံးကြဲ၊ မိုးမိတ်ဘက်ကနေ စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေ၊
ဒေါ်လာ/MFP၊ နိုဝင်ဘာ – ၂၂
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာနဲ့ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းပေါ်က စစ်အုပ်စုရဲ့ ကင်းစခန်းတွေ ဖြစ်တဲ့ ကင်းချောင်း၊ ပေကုန်းနဲ့ သစ်စိမ့်ကုန်းရွာ စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် – KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၁၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိတယ်လို့ သတင်းရရှိပါတယ်။
KIA တပ်မဟာ ၄၊ KIA တပ်မဟာ ၁၁၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KPDF ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၉ရက် မနက်ပိုင်းမှာ မိုးမိတ် – တွင်းငယ် လမ်းပိုင်းပေါ်က အဲ့ဒီ စစ်အုပ်စု ကင်းစခန်းသုံးခုကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် စခန်းတွေ သိမ်းယူနိုင်ခဲ့တာလို့ KIA ရဲ့ ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

“တပ်မဟာ ၄ လက်အောက်ခံ မိုးမိတ်နဲ့ တွင်းငယ်ကြားရှိ စစ်ကော်မရှင် တပ်ဖွဲ့များ တပ်စွဲနေရာချထားတဲ့ ကင်းစခန်း သုံးခုကို တပ်မဟာ ၁၁၊ တပ်မဟာ ၄၊ ABSDF၊ KPDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ KIA ပူးပေါင်းတပ်များက ကင်းချောင်း၊ ပေကုန်း၊ သစ်စိမ့်ကုန်းတွေမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့များကို နိုဝင်ဘာ ၁၉ရက် မနက်ပိုင်းကစလို့ အားလုံးကို တပြိုင်တည်း ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်”
အဲ့ဒီ စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်အုပ်စု ငါးယောက် သေ၊ကာ ၂၀ ခန့် ဒဏ်ရာရပြီး အလောင်းနဲ့ လက်နက်ခဲယမ်းတွေကို KIA ပူးပေါင်းတပ်က သိမ်းဆည်း ရရှိတယ်လို့ KIA ပြန်ကြားရေးဌာနက ဆိုပါတယ်။
မိုးမိတ် – တွင်းငယ် လမ်းပိုင်းပေါ်က ကင်းချောင်းရွာနဲ့ ကင်းချောင်းတံတားအနီးရှိ ကင်းစခန်းဟာ စစ်အုပ်စုအတွက် အရေးပါတဲ့ စခန်းတစ်ခုဖြစ်ပြီး နိုဝင်ဘာ ၁၉ရက်က အဲ့ဒီ ကင်းချောင်းရွာဘက် တိုက်ပွဲ ဖြစ်ချိန် စစ်အုပ်စုက မနက်ပိုင်းကနေ နေ့လည်ပိုင်းအထိ လေကြောင်းဗုံးပတ်ကြဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမိတ် – တွင်းငယ် လမ်းပိုင်းဟာ ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းမှသည် အညာဒေသအထိ ဆက်သွယ်ထားတဲ့ ဒေသတွင်း အရေးပါတဲ့ လမ်းကြောင်းဖြစ်ပါတယ်။
မိုးမိတ် – တွင်းငယ် လမ်းပိုင်းကို ပြီးခဲ့တဲ့ ၂၀၂၄က စတင်ကာ တော်လှန်ရေး တပ်တွေ သိမ်းပိုက် ထိန်းချုပ်ထားပေမယ့် တရုတ်က အကြပ်ကိုင်လို့ တအာင်းတပ်မတော် – TNLA က မိုးကုတ်နဲ့ မိုးမိတ်မြို့ တွေကို စစ်အုပ်စု လက်ထဲ ပြန်လည် ထိုးအပ်ခဲ့ပြီးနောက် မိုးမိတ် – တွင်းငယ် လမ်းပိုင်းကိုပါ စစ်အုပ်စု ပြန်ရသွားတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
လက်ရှိမှာ မိုးမိတ် – တွင်းငယ်လမ်းပိုင်းနဲ့ မိုးမိတ်မြို့ကို KIA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက တကျော့ပြန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
မိုးမိတ်မြို့အနီးမှာ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုကြား စက်တင်ဘာလကစလို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၈ ရက်က မိုးမိတ်မြို့နဲ့ သုံးမိုင်ဝန်းကျင်အကွာ ညောင်နီကျေးရွာအထက် ရွှေမြင်တင် စေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု အများအပြား သေပြီး ဗိုလ်မှူးအဆင့် အပါအဝင် ရှစ်ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပါတယ်။
စစ်အုပ်စုဟာ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို မန္တလေး – မတ္တရာ – မိုးကုတ်ကတဆင့် မိုးမိတ်မြို့ကို ပို့ပြီးနောက် မိုးမိတ်မြို့ ပတ်လည်ရှိ တော်လှန်ရေး တပ်တွေ စိုးမိုးထားရာ နေရာတွေကို လေကြောင်း ပစ်ကူသုံး ထိုးစစ်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိအချိန်ထိ မိုးမိတ်မြို့ပတ်လည် တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပြီး မိုးမိတ်မြို့နဲ့ မြစ်ဆုံရွာကြား ၇မိုင်၊ ၆မိုင်၊ ၅မိုင်နဲ့ ၄မိုင်ရွာတွေဘက်ကို စစ်အုပ်စုက အသေခံကာ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
“စစ်ကော်မရှင် တပ်ဖွဲ့များက မိုးမိတ်နဲ့ မြစ်ဆုံကြားရှိ ၅မိုင်၊ ၆မိုင် ပတ်ဝန်းကျင် KIA ပူးပေါင်းတပ်များ ရှိရာ နေရာဘက်ကို ထိုးစစ်ဆင်နေပြီး နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေ” လို့ KIA ပြန်ကြားရေး ဌာနကလည်း ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ယခုနှစ်ဆန်းပိုင်းမှာ မန္တလေး – မိုးကုတ် – သပိတ်ကျင်း လမ်းကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် မိုးမိတ်မြို့ မကျရေးအတွက် မန္တလေးကနေ စစ်ကူတွေ ပို့လွှတ်နေတာလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
မိုးမိတ်မြို့ဟာ ၂၀၂၄ ခုနှစ်အတွင်း KIA နဲ့ TNLA ပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်မှုအောက်ကို နှစ်ကြိမ် ရောက်ရှိခဲ့ဖူးပြီး ၂၀၂၅ နိုဝင်ဘာလကုန်ပိုင်းမှာ တရုတ်က ခြိမ်းခြောက်အကြပ်ကိုင်လို့ TNLA က မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို စစ်အုပ်စုလက်ထဲ ပြန်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ အတွင်း မိုးမိတ် – တွင်းကယ် ကားလမ်းပေါ်က စစ်အုပ်စု ကင်းစခန်းတစ်ခုကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်သိမ်းပိုက်စဉ်/Photo – PLA



