ဆောင်းပါးအညာမြေ တော်လှန်ရေး

အိမ်ကို ချန်ထားခဲ့ရသူတို့ရဲ့ အိမ်

အိသန္တာအောင်(MFP)၊ လူမှုဘဝဆောင်းပါး

မနက် ၄နာရီ ထိုးပြီဆိုတာနဲ့ အရီးသန်းရဲ့ တစ်နေ့တာဟာ သူရဲ့ မီးဖိုချောင်က ဆန်ဆေးသံ၊ အိုးသံ၊ ခွက်သံတွေနဲ့အတူ နိုးထလာပါတယ်။ အရီးသန်းက ခန္ဓာကိုယ်ဝဖိုင့်ဖိုင့်နဲ့ အမြဲတစ္ဆေ ဖက်ကြမ်း ဒါမှမဟုတ် ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ဖွာပြီး တစ်ဖက်ကလည်း ဟင်းသီးဟင်းရွက်တွေသင်တာ ဒါမှမဟုတ် ထမင်းဟင်းချက်တာတွေ လုပ်လေ့ရှိပါတယ်။

စခန်းထဲမှာ နေ့စဥ်မပြတ် ချက်ပြုတ်ကြော်လှော်နေတဲ့ အရီးသန်းက လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ် ဇာတိဖြစ်ပြီး တနယ်တည်းသား၊ တရွာတည်းသားဖြစ်တဲ့ ဘကြိုင်နဲ့ အိမ်ထောင်ကျပြီးတဲ့နောက် ဇာတိကျေးရွာမှာပဲ အခြေချနေထိုင်ခဲ့တာ စစ်အာဏာ မသိမ်းခင်ကာလ အထိ ဖြစ်ပါတယ်။

ဘကြိုင်နဲ့ အိမ်ထောင်ကျပြီးတော့ အညာသူ၊ အညာသားတွေရဲ့ အဓိကလုပ်ငန်းခွင်တစ်ခုဖြစ်တဲ့ ထန်းတက်၊ ထန်းလှီး၊ ထန်ပြင်၊ ထန်းရည်အိုးတင် စတဲ့ အလုပ်တွေကို ဘကြိုင်က လုပ်ပြီး ထန်းပင်ကနေ ရလာတဲ့ ထန်းရည်ချ၊ ထန်းလျက်ကြို၊ ထန်းလျက်ရောင်းတဲ့ အလုပ်ကိုတော့ အရီးသန်းက ဦးဆောင် လုပ်ကိုင်ကာ ဝမ်းရေးကို ဖြေရှင်းခဲ့ကြတယ်လို့ အသက် ၆၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ အရီးသန်းက ပြန်ပြောင်း ပြောပြပါတယ်။

“ဟောတော် ဘကြိုင်က ထန်းတက်တယ်၊ ထန်းသိမ်း။ ငါက အောက်က ထန်းလျက်ချက်၊ မြေအိုးကောက်။ လယ်တွေ၊ ယာတွေလည်း မရှိဘူး၊ ထန်းပဲ တက်တာ။ ရိုးရိုးပဲ လုပ်စား ကိုင်စားပေါ့အေ။ ဟိုလို ယာမြေတွေ မရှိ။ ထန်းလျက်တွေ ပြန်ရောင်း၊ ထန်းလျက်ကလည်း စျေးမရှိတော့ တက်ရတာ အိုးမဲပေတာပဲ ရှိတာ။ ထန်းလျက်ချက်ရတာ မနက် ၅နာရီခွဲဆိုရင် ထ၊ မြူအိုးတွေ ဘာတွေ တည်၊ တည်ပြီးတော့ တစ်ခါ သူပြီးတော့ တခါ ထကောက်၊ ကောက်ပြီးတော့ ထန်းရည်ချို အပြည့်နဲ့ဆိုတော့ တဖက် ခုနှစ်လုံးပါ့ နိုင်တာ၊ အများကြီး မနိုင်ဘူး။ ထန်းလျက်တွေကိုလည်း ရွာကိုလာတဲ့ ကုန်သည်တွေ ပြန်ရောင်းတာ။ တို့တက်တုန်းက တစ်ပိသာမှ အစိတ်” လို့ အရီးသန်းက သူတို့ လင်မယားနှစ်ယောက်ရဲ့ အိမ်ထောင်ဦး  စီးပွားရေးကို ရှင်းပြ ပြောဆိုပါတယ်။

တရွာတည်းသားချင်း ဘကြိုင်နဲ့ အိမ်ထောင်ကျပြီးတဲ့နောက် သမီးတစ်ယောက်၊ သားနှစ်ယောက် ထွန်းကားခဲ့ပြီး သုံးယောက်လုံးကို ကျောင်းထားခဲ့ပေမယ့် သားလတ်တစ်ယောက်သာ အထက်တန်း အောင်မြင်ခဲ့တယ်လို့ အရီးသန်းက ပြောပါတယ်။

“သုံးယောက်လုံး ကျောင်းထားပေးတယ်လေ။ အကြီးဆုံးသား တစ်ယောက်က ဆယ်တန်းကို နှစ်ချင်းပေါက် အောင်တယ်။ တစ်ယောက်က ကိုးတန်းနဲ့ ထွက်တယ်။ သမီးကတော့ ဆယ်တန်း မအောင်ဘူး”

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အုပ်စုက အာဏာသိမ်းလိုက်ပြီးတဲ့နောက် ဘကြိုင်နဲ့ အရီးသန်းတို့ ဇနီးမောင်နှံ နေထိုင်တဲ့ ဇာတိရွာကို စစ်အုပ်စုက စစ်ကြောင်းထိုး စီးနင်းတာ၊ ဖမ်းဆီးရန်ပြု သတ်ဖြတ်တာ၊ တန်ဘိုးရှိပစ္စည်း ဖောက်ထွင်းလုယက် ခိုးယူတာတွေ ရှိလာတာကြောင့် ရွာမှာ မနေထိုင်တော့ဘဲ နီးစပ်ရာ တောတိုက်(လယ်စောင့်တဲ)မှာ ရှောင်တိမ်းပြီး နေထိုင်ခဲ့ကြတယ်လို့ ဘကြိုင်က ပြောပြပါတယ်။

အဲ့ဒီနောက် ဘကြိုင်နဲ့ အရီးသန်းတို့ဟာ တော်လှန်ရေးအတွက် ပူးပေါင်းပါဝင်မှုအဖြစ် ဒေသခံ တော်လှန်ရေး တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ MRG (မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့) က ရဲဘော်တွေကို လိုရာ ဖြည့်ဆည်းပေးရင်းက တတ်နိုင်သလောက် တော်လှန်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

MRG တပ်ဖွဲ့ စခန်း(အဟောင်း) စတင် တည်ထောင်စဥ်မှာ ဘကြိုင်တို့ ဇနီးမောင်နှံက ထောက်ပို့ လုပ်ငန်းတွေ လုပ်ကိုင်ပေးခဲ့ပြီး စခန်းအသစ် ဆောက်တဲ့ အချိန်ကနေ လက်ရှိအချိန်ထိလည်း ရဲဘော်တွေနဲ့အတူ လက်ရေတပြင်တည်း စားသောက်ကာ လက်ပွန်းတတည်း နေထိုင်နေကြဆဲ ဖြစ်ပါတယ်။

“ဒီလိုမျိုး ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရတာပေါ့။ ဒီကလေးတွေနဲ့ အရင်စခန်းအဟောင်းမှာ နေတုန်းကလည်း ရိက္ခာဘာညာနဲ့ ကိုယ်တွေကပဲ လုပ်ပေးရတာပေါ့။ နဂိုတချိန် စကတည်းက ဒီက တပ်ခေါင်းဆောင်တွေက အရင်စခန်းအဟောင်းမှာပဲ နေကြတာကိုး။ ၂၀၂၂ မှာ စခန်းအသစ်ဆောက်တာ၊ အခုစခန်းပေါ့” လို့ ဘကြိုင်က ဆိုပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ MRG စခန်းအသစ် ဆောက်ပြီးတဲ့နောက် ရဲဘော်တွေနဲ့ အတူနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ အချိန်မှာ သားသမီးတွေက တောတောင်တွေထဲ ပင်ပန်းဆင်းရဲကြီးကြီးနဲ့ မနေထိုင်ကြဘဲ သူတို့(သား၊ သမီးတွေ)နဲ့သာ နေထိုင်ဖို့ ပြောဆိုကြပေမယ့် တကယ့်ရင်နှစ်သည်းချာတွေလို ဖြစ်နေတဲ့ ရဲဘော်တွေနဲ့သာ အတူတူ နေထိုင်ဖြစ်ခဲ့ကြတယ်လို့ ဘကြိုင်က ပြောပါတယ်။

“ကိုယ့်ဟာကိုယ် အလုပ်သမားတွေ ခေါ်ပြီးတော့ ရဲဘော်တွေ နေဖို့အတွက် ခေါင်းဆောင်တွေကို ပြောပြီး အရင် ဆောက်ပေးထားတယ်။ သားသမီးတွေက စခန်းမှာ မနေဖို့ရာ ပြောတာပေါ့။ ဒီမှာ မနေဖို့ရာ ပြောပြန်တော့ တပ်ခေါင်းဆောင်တွေနဲ့ကလည်း အိမ်မှာက အရင်ကတည်းက အတူနေကို။ အတူတူ နေနေကြတာဆိုတော့ သူတို့ သံယောဇဥ်နဲ့ လင်မယားနှစ်ယောက်လုံး ရောက်လာကြတာပဲ” လို့ ဘကြိုင်က ရယ်ရင်း ပြောပါတယ်။

အရီးသန်းက မကွေးတိုင်းထဲက တော်လှန်ရေးအဖွဲ့တွေအပါအဝင် တစ်နိုင်ငံလုံးက တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ စစ်ရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ အမည်တွေကို မသိနိုင်ပေမယ့် ယူနီဖောင်းဝတ် တော်လှန်ရေး ရဲဘော်တွေကိုတော့ ကိုယ့်သားသမီးလို သဘောထားတယ်လို့ အရီးသန်းတို့ လင်မယားနဲ့ အတူနေ ရဲဘော်တွေက ဆိုပါတယ်။

“သား၊ သမီးတွေက သူတို့နဲ့ လာနေခိုင်းတယ်၊ မနေနိုင်ဘူး။ ထမင်း လက်လျှိုစား၊ သူတို့ ခူးပြီးသား အရံသင့်စား၊ ဇလုံတောင်မဆေးရဘူး။ ဒါကို မနေနိုင်ဘူး။ ဒီကိုပဲ ပြန်ပြီးတော့ သတိရနေတော့တာအေ” လို့ အရီးသန်းကလည်း ပြောင်းဖူးဖက် ဆေးလိပ်ကြီးဖွာရင်းက ပြောပြန်ပါတယ်။

အခုလို တော်လှန်ရေးအဖွဲ့နဲ့ အတူနေထိုင်ကြတဲ့အပေါ် ကိုလည်း ရွာထဲမှာ အရီးသန်းတို့ လင်မယား နှစ်ယောက်တည်း နေထိုင်ကြတဲ့အပြင် အလုပ်မလုပ်နိုင်ကြတာကြောင့် တော်လှန်ရေးတပ်ဖွဲ့အပေါ်မှာ မှီခိုပြီး နေထိုင်စားသောက်နေကြရတယ်လို့ ရပ်ရွာထဲက ပြောဆိုသူတွေရှိခဲ့ပေမယ့် အရီးသန်းတို့က အလေးမထားခဲ့ပါဘူး။

“ဟောတော် ငါတို့လင်မယားနှစ်ယောက်တည်း ရွာထဲ ကြိုက်တဲ့လူမှ ကြိုက်တာ။ ဟယ် မလုပ်နိုင်လို့ ကပ်စားနေကြတယ် နဲ့ ပြောတဲ့သူက ရှိသေးတာ။ သူတို့ပြောတာတွေ ဂရုမစိုက်ဘူး။ ဘယ်သူပဲပြောပြော နားထဲကို မထားဘူး။ ကိုယ့်ဘာသာကိုယ် နှစ်ယောက်တည်း ဆန်တစ်အိတ်ဆို နှစ်လလောက်စားရတယ်။ တစ်နေ့မှ ဆွမ်းအိုးရော ထည့်မှ သုံးဗူးချက်ကို တနေကုန်သုံးဗူး ဒါပဲ ပြီးပေါ့။ လူတွေကတော့ ပြောကြတာပါပဲ။ လူတိုင်းတော့ မဟုတ်ဘူးပေါ့အေ။ ကိုယ့်အပေါ် အမြင်မကြည်တဲ့လူ ပြောမှာပေါ့” လို့ အရီးသန်းက ပြောင်းဖူးဖက်ဆေးလိပ်ဖွာရင်းက ပြောပါတယ်။

အရီးသန်းတို့ဇနီးမောင်နှံက မနက် ၄နာရီဝန်းကျင်မှာ အိပ်ရာထပြီး အရီးသန်းက စခန်းတစ်ခုလုံးက တော်လှန်ရေး ရဲဘော်တွေရဲ့ မနက်စာအတွက် မီးဖိုထဲမှာ ချက်ပြုတ်ပြင်ဆင်တာ၊ ဘကြိုင်က ရွာဦးကျောင်းက ဆွမ်းခံထွက်တဲ့ ဥပုသ်ရက်တွေမှာလည်း လိုက်လံပြီး အလှူခံပေးတာ၊ စျေးဝယ် ထွက်တာ၊ ထင်းခွေ၊ ရေခပ်ကအစ တက်နိုင်သမျှ ရဲဘော်တွေဆီက အကူအညီမရယူဘဲ မငြီးမငြူ လုပ်ကိုင်လေ့ရှိပါတယ်။

“တို့က မနက်ဆို ၄နာရီပုံမှန်ထတာ။ ညရေးညတာကျတော့လည်း စိတ်ပူတယ်လေ။ ညဆို မနက် ၄နာရီထိ အမြဲတမ်း လျှောက်ပတ်နေတာ။ လူစုံရဲ့လား၊ အဆင်ပြေကြရဲ့လား ပေါ့။ ညတရေးနိုး ၁၂ နာရီ လောက်ဆို ပုံမှန် ကိုယ့်ကလေးတွေကို လူလိုက်စစ်နေတာ။ ကိုယ့်သားသမီးတွေ ရှိတာတောင်မှ တော်တော့တန်တန် အမှတ်မရပါဘူး” လို့ ဘကြိုင်က ရယ်မောရင်းနဲ့ ပြောပါတယ်။

တချို့ရက်တွေမှာ စခန်းအတွက် ရိက္ခာမလောက်ငှတဲ့ အခက်အခဲတွေလည်း ကြုံတွေ့ရပြီး အဲ့ဒီ အချိန်တွေမှာလည်း ဘကြိုင်က သားသမီးတွေလိုဖြစ်နေတဲ့ ရဲဘော်တွေအတွက် ကြိုးစားပြီး ရိက္ခာ ရှာဖွေပေးပါတယ်။

“မလုံလောက်တာလည်း များတယ်။ မလုံလောက်တဲ့အခါ ဖြေရှင်းရတာက ရွာထဲက အသိတွေဆီကနေ မလုံလောက်လို့ လုပ်ပါဦး ကူညီပါဦးပေါ့။ ဒီနှစ် စောစောက မိုးကလည်း ခေါင်ထားတာဆိုတော့ မိုးဦးနှမ်း ကလည်း မရတော့ ဆီက သိပ်အဆင်မပြေဘူး။ နှစ်တိုင်းတော့ ပေါတယ်၊ ဖူလုံအောင်ရတယ်။ ဆန်ကတော့ ရှိပါတယ်။ ကလေးတွေ မစားရတာတွေလည်း စိုးရိမ်တယ်။ ကိုယ်က ဘယ်က ရခဲ့ ရခဲ့ အတူတူပဲ၊ စားစေချင်တာ။ မရှိရင် ဘုန်းကြီးကျောင်းက တောင်းကျွေးတယ်၊ ရဲဘော်တွေကို အငတ်တော့ မထားဘူး” လို့ ဘကြိုင်က ပြောပါတယ်။

စခန်းမှာ ရဲဘော်တွေ စုံစုံလင်လင်ရှိတဲ့ ကာလတွေမှာလည်း ဘကြိုင်နဲ့ အရီးသန်းတို့ ဇနီးမောင်နှံကပဲ စားဖိုတာဝန်ယူခဲ့ကြသလို လက်ရှိကာလမှာ ရဲဘော်အများစုက ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ တာဝန်ကိုယ်စီ ထမ်းဆောင်နေကြတဲ့အတွက် လူအင်အားလျော့နည်းနေတဲ့ နောက်တန်းစခန်းမှာလည်း အရီးသန်းတို့ကပဲ စားဖိုချောင်ကို ဆက်လက်တာဝန်ယူထားတယ်လို့ ဘကြိုင်က ပြောပါတယ်။

ရဲဘော်တွေနဲ့ အတူနေထိုင်နေတဲ့ကာလတွေမှာ ကြည်နူးစရာတွေရှိသလို ကိုယ့်သားသမီးလိုဖြစ်နေတဲ့ ရဲဘော်လေးတွေ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာတွေရတာ၊ ကျဆုံးတာတွေရှိလာရင်လည်း ရင်ထဲမှာ နာကျင်တဲ့အထိ ခံစားရတယ်လို့ လင်မယားနှစ်ယောက်လုံးက ပြောပါတယ်။

“ကျသွားတဲ့ ရဲဘော်တွေဆိုရင် တအားခံစားရတာ။ စျပနာတွေ လိုက်ပို့ရတာလည်း ရှိတာပေါ့။ ရောက်အောင် သွားတာပဲ။ သွားပြီးတော့ ကိုယ် ကိုယ်တိုင် ဆေးရုံ၊ ဆေးခန်း လိုက်တယ်” လို့ သက်ပြင်းရှည်ကြီးချရင်း ဘကြိုင်က ပြောပါတယ်။

သားသမီးလို ဖြစ်နေကြတဲ့ ရဲဘော်တွေကို ဆုံးရှုံးရတဲ့ ခံစားချက်တွေအပြင် နွေးထွေးတဲ့ မိသားစုဘဝနဲ့ နေအိမ်ကို စွန့်ခွာခဲ့တဲ့ အရီးသန်းတို့ လင်မယားမှာလည်း တော်လှန်ရေး ခရီးပန်းတိုင် ရောက်သည့်တိုင်အောင် သေချာရေရာတဲ့ အဖြေတစ်ခုတောင်မှ မရှိသေးပါဘူး။

“တော်လှန်ရေး ပြီးသွားရင်တော့ လုပ်စရာကတော့ ဘယ်လိုတောင် မပြောတက်တော့ပါဘူး။ ကိုယ့်ဟာကိုယ် ဘယ်လိုကနေ အစကနေ ပြန်ကောက်ယူရမှန်းတောင် မသိပါဘူး။ ကိုယ့်ကိုယ်လည်း အေးအေးဆေးဆေးပဲ နေချင်တယ်”

အရီးသန်းက ပြောရင်း ဖက်ကြမ်းဆေးလိပ်က တစ်ဖက်နဲ့ ပဲစေ့ခွံခွာနေပါတော့တယ်။

MFP ရဲ့ သတင်းနဲ့ ဆောင်းပါးတွေကို ယူကျူ့၊ ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #အရီးသန်း #MRGပြောက်ကျားတပ် #ဘကြိုင်

Related Articles

Back to top button