
လေကြောင်းလက်နက်ကြီးဒဏ်ကြောင့် အရပ်သားငါးဦးထက်မနည်း သေဆုံးထားပြီး ဒေသခံထောင်ချီ စစ်ရှောင်နေကြရ
မှူးအိန်ဂျယ်လ်/MFP၊ နိုဝင်ဘာ – ၂၇
မန္တလေးနဲ့ ရှမ်းမြောက်ဒေသကို ဆက်သွယ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း စစ်အုပ်စုနဲ့ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေရာ စစ်အုပ်စုဝင်အယောက် ၈၀ ကျော် သေဆုံးခဲ့သလို လက်နက်ခဲယမ်း ရာနဲ့ချီ သိမ်းဆည်းရရှိထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
စစ်အုပ်စုတပ်တွေဟာ မိုးမိတ်မြို့ကို ဗဟိုပြုပြီး မိုးမိတ်-မြစ်ဆုံလမ်းပိုင်းနဲ့ မိုးမိတ်-တွင်းငယ်လမ်းပိုင်းတို့မှာ စစ်မျက်နှာနှစ်ခုဖွင့်ကာ နယ်မြေခံတပ်ရင်း သုံးရင်းနဲ့ ရှမ်းပြည်နယ် တောင်ခမ်း၊နောင်ချို၊သီပေါ၊ကျောက်မဲ၊ တောင်ကြီး တို့ဘက်နေ စစ်ကူလာတဲ့ တပ်ရင်းလေးရင်း အပါအဝင် စုစုပေါင်းတပ်ရင်း ခုနှစ်ရင်းကနေ စစ်ကြောင်း ငါးခု၊ အင်အား (၁၀၀၀)ဝန်းကျင်နဲ့ ဖြန့်ခွဲထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။



မိုးမိတ်ဒေသမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နိုဝင်ဘာလအတွင်း စစ်အုပ်စုဝင် အယောက် ၈၀ကျော် သေဆုံးခဲ့ပြီး စခန်းလေးခု သိမ်းထားနိုင်ကာ စစ်အုပ်စုက အဆိုပါစခန်းတွေ ပြန်ရရေး အသည်းအသန် ထိုးစစ်ဆင်နေပေမယ့် တပ်လန်ကာ နောက်ပြန်ဆုတ်နေကြရတယ်လို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
“နိုဝင်ဘာလအတွင်းမှာဆိုရင် ကျွန်တော်တို့ စခန်းက လေးခုလောက် သိမ်းရပြီ။လောလောဆယ်လည်း အခုအခြေအနေအထိ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ထိန်းသိမ်းထားပါသေးတယ်။ ခွေး(စစ်အုပ်စု)တွေကတော့ အဲဒီစခန်းတွေကို ပြန်ပြီးမှ ထိုးစစ်ဆင်းပြီး ပြန်တိုက်ယူနေတဲ့ အနေအထားတော့ ရှိပါတယ်။ ဒါပေမယ့် ပြန်ပြန်လန်သွားတယ်။ အဲဒီတိုက်ပွဲမှာ အလောင်းကတော့ ၈၀ ကျော်လောက် ရှိမယ်ထင်တယ်။ မိုးမိတ်-တွင်းငယ်လမ်းနဲ့ မိုးမိတ်-မြစ်ဆုံလမ်းပေါ့။ မိုးမိတ်-မြစ်ဆုံလမ်းကတော့ အလောင်းပိုများများရတယ်။ တစ်ခါတည်းနဲ့ ၄၀ ကျော်လောက်ကို ရထားတဲ့အပိုင်းတွေ ရှိပါတယ်။ အကုန်လုံးဆိုရင် အလောင်း ၈၀လောက်တော့ ရှိမှာပါ။ လက်နက်ခဲယမ်းကလည်း ရာချီပြီးမှ သိမ်းဆည်းရမိထားတာတွေ ရှိပါတယ်။ ”
ဒါ့အပြင် နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က လက်နက်ချ အလင်းဝင်လာတဲ့ စစ်သုံ့ပန်း အယောက် (၃၀)ဝန်းကျင်လည်းရှိပြီး သေဆုံး၊ဒဏ်ရာရသူတွေနဲ့ အဖမ်းခံရသူတွေ အပါအဝင် စုစုပေါင်း အယောက် (၂၀၀)နီးပါးလောက် ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
“လောလောဆယ်တော့ ဒဏ်ရာရတဲ့ဟာရော ပြီးရင်ဒီအလောင်းမကောက်နိုင်တဲ့ဟာတွေ၊ ပြီးရင်သေတဲ့ဟာတွေ၊ အဖမ်းခံရတဲ့ဟာတွေ၊ အလင်းဝင်လာတဲ့ဟာတွေ ဆိုလို့ရှိရင်တော့ ၂၀၀ နီးပါးလောက်တော့ ရှိသွားပြီ။ ”
လက်ရှိအချိန်မှာတော့ မိုးမိတ်-တွင်းငယ်လမ်းပိုင်းပေါ်က ကင်းချောင်းရွာမှာ တိုက်ပွဲတွေပြင်းထန်နေပြီး မိုးမိတ်-မြစ်ဆုံလမ်းပိုင်းပေါ်မှာတော့ စစ်ဆိုင်ထားပြီး တိုက်ပွဲကတော့ ဒီရက်ပိုင်း မဖြစ်သေးဘူးတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် မိုးမိတ်-မြစ်ဆုံလမ်းပေါ်က ကျောက်တောင်ရွာ(ခ)ခုနှစ်မိုင်ရွာက ပြည်သူတွေနဲ့ မိုးမိတ်-တွင်းငယ်လမ်းပိုင်းက ကင်းချောင်းနံဘေးက သစ်ဆိမ့်ကုန်း၊ပေကုန်း၊ဆင်တဲကုန်း စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာခြောက်ရွာခန့်က ပြည်သူတွေအပါအဝင် စုစုပေါင်း ဒေသခံအယောက် (၁၀၀၀)နဲ့ (၂၀၀၀) ကြားဟာ တောတောင်အတွင်း စစ်ရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က လေကြောင်းဗုံးကြဲတာ၊လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး ဒေသခံ ငါးဦးထက်မနည်း သေဆုံးခဲ့သလို နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။
မိုးမိတ်-တွင်းငယ်လမ်းပိုင်းမှာတော့ တိုက်ပွဲတွေဖြစ်ပွားနေတာ ၁၀ ရက်ခန့် ကြာမြင့်လာပြီး ကင်းချောင်းကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံအများအပြား ပိတ်မိနေသလို စစ်အုပ်စုက တချို့ဒေသခံတွေကို ကျေးရွာကနေ ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောထားပါတယ်။
စစ်အုပ်စုဟာ အဲဒီလမ်းပိုင်းတွေမှာ စစ်ကြောင်းထိုးရာမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေသလို ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကလည်း နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီလို တိုက်ပွဲတွေ ပြင်းထန်နေချိန် မိုးမိတ်မြို့ပေါ်မှာတော့ အလှူတွေနဲ့ စည်ကားနေပြီး မြို့တွင်းကို တိုက်ပွဲဖြစ်တဲ့ ကျေးရွာတချို့က ဒေသခံတွေ ထွက်ပြေးလာတာလည်း ရှိတယ်လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
“ လောလောဆယ် မြို့ထဲမှာ အလှူလှည့်နေကြတယ်။ ကင်းချောင်းရွာ ပေကုန်းရွာနဲ့သစ်ဆိမ့်ကုန်းရွာနေက ရှောင်နေကြတယ်။ ဖြစ်တာက မိုးမိတ်နဲ့ ၁၉မိုင်ဝေးတယ်လေ။ မိုးမိတ်-မြစ်ဆုံလမ်းမှာက အုန်းကြောရွာနားထိ စစ်တပ်က ပြန်ဆုတ်လာရတယ်။မိုးမိတ်-တွင်းငယ်လမ်းမှာ တော်လှန်ရေးတပ်တွေက အခုထိ သိမ်းပြီးသားနေရာတွေ ထိန်းထားတုန်းပဲ။လောလောဆယ် မိုးမိတ်-မြစ်ဆုံလမ်းက အသံမကြားရသလောက်ပဲ တစ်ချက်နှစ်ချက်ပဲ ပစ်တာကြားရတယ်။တွင်းငယ်လမ်းမှာတော့ ဖြစ်နေတယ်အပြန်အလှန်ပဲ။ “ လို့ သူကဆိုပါတယ်။
မိုးမိတ် – တွင်းငယ် လမ်းပိုင်းပေါ်က စစ်အုပ်စုရဲ့ ကင်းစခန်းတွေ ဖြစ်တဲ့ ကင်းချောင်း၊ ပေကုန်းနဲ့ သစ်စိမ့်ကုန်းရွာ စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် – KIA တပ်မဟာ ၄၊ KIA တပ်မဟာ ၁၁၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KPDF ပူးပေါင်းတပ်တွေကတော်လှန်ရေး တပ်တွေက နိုဝင်ဘာ ၁၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေ သိမ်းဆည်း ရရှိတယ်လို့ KIA ရဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
မိုးမိတ် – တွင်းငယ် လမ်းပိုင်းဟာ ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းမှသည် အညာဒေသအထိ ဆက်သွယ်ထားတဲ့ ဒေသတွင်း အရေးပါတဲ့ လမ်းကြောင်းဖြစ်ပါတယ်။လက်ရှိမှာ မိုးမိတ် – တွင်းငယ် လမ်းပိုင်းပေါ်ရှိ စစ်အုပ်စု ကင်းစခန်းတချို့ကို သိမ်းပိုက်ထားနိုင်ပြီး တွင်းငယ်ကျေးရွာအနီးရှိ စစ်အုပ်စု တန်းမြှင့်လေ့ကျင့်ရေးကျောင်း တတက-၁၃ နဲ့ မိုးမိတ် လမ်းကြောကို တော်လှန်ရေးတပ်တွေက ဖြတ်တောက် ထားနိုင်ပြီလို့လည်း စစ်ရေး သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
မိုးမိတ်မြို့ဟာ ၂၀၂၄ ခုနှစ်အတွင်း KIA နဲ့ TNLA ပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်မှုအောက်ကို နှစ်ကြိမ် ရောက်ရှိခဲ့ဖူးပြီး ၂၀၂၅ နိုဝင်ဘာလကုန်ပိုင်းမှာ တရုတ်က ခြိမ်းခြောက်အကြပ်ကိုင်လို့ TNLA က မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို စစ်အုပ်စုလက်ထဲ ပြန်ပေးခဲ့ပါတယ်။
မိုးမိတ်နယ် တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေနဲ့ အိုးအိမ်အပျက်အစီးတွေ /ဓာတ်ပုံ- ဒေသခံ



