ဆောင်းပါး

နေမကောင်းချိန် ဆေးဝယ်သောက်ဖို့ပင် ပိုက်ဆံမရှိတဲ့ အညာရောက် စစ်ရှောင် အဖွားရွှေ

ထင်လင်း (MFP)၊ ဆောင်းပါး

ဆယ်ပေပတ်လည်ပင် မရှိတဲ့ ကျောတခင်းစာ မည်ကာမတ္တ တဲငယ်လေးထဲ နှစ်ဝက်ကြာ မှီခိုနေထိုင်နေရတဲ့ အဖွားဒေါ်ရွှေ။သူမဟာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင် ထွက်ပြေးလာခဲ့ရသူပါ။

အညာနွေရဲ့ အပူရှိန်နဲ့ မိုးဦးအဝင် မိုးသက်လေပြင်းဒဏ်ကို ဒီတဲငယ်လေးထဲကနေပဲ ဒေါ်ရွှေတစ်ယောက် အံတုနေခဲ့ရပါတယ်။

ကျောတခင်းစာနေရာလေးမှာ ဖြစ်အောင် နေထိုင်နေရတဲ့ ဒေါ်ရွှေဟာ ကျန်းမာရေး ကောင်းလွန်းလှသူ မဟုတ်ဘဲ နာတာရှည်ရောဂါ မျိုးစုံနဲ့ ရှင်သန်နေရသူပါ။

သူ့တဲငယ်လေးထဲကနေ ချောင်းသံ တဟွတ်ဟွတ်၊ အသက်ရှူသံ တရွှီးရွှီးဟာ အမြဲထွက်ပေါ်လို့နေပါတယ်။

“ကျမ ကျန်းမာရေးကတော့ ပန်းနာရင်ကြပ်၊ မောတယ်၊ နောက် ချောင်းဆိုးတယ်၊ ရင်ကြပ်တယ်၊ နောက် သွေးတိုးလည်း ရှိတယ်၊ တအားကိုက်ခဲပြီးတော့လည်း ညောင်းကိုက်နေတာ၊ ညောင်းကိုက်တော့ ခေါင်းတွေ ဘာတွေ ထိုးကိုက်နေတာ၊ တရက်ခြား တရက်ခြား ကြပ်တယ်၊ မောလာပြီးတော့မှ ကြပ်လာတာ၊ ကြပ်ပြီးတော့ ချောင်းတွေဆိုးတာ၊ အိပ်လို့မရဘူး၊ မနေ့ညက အိပ်လို့မရဘူး၊ မောလာတဲ့အခါကျ ထထိုင်ရတာ၊ တခါတလေ ကုန်းပြီးအိပ်ရတာ” လို့ ဒေါ်ရွှေက ညည်းတွားရေရွတ် ပြောဆိုပါတယ်။

ဒေါ်ရွှေတို့ မိသားစုဟာ ၂၀၂၅ နှစ်ကုန်ပိုင်း ကတည်းက မတ္တရာနယ်ကနေ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင် လာကြရတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မတ္တရာနယ် အပါအဝင် မန္တလေးတိုင်းအတွင်းမှာရှိတဲ့ စစ်ရှုံးနယ်မြေတွေ ပြန်ရဖို့ တန်ပြန် ထိုးစစ်ဆင်ရာမှာ ပြည်သူကို ပစ်မှတ်ထားပြီး ဗုံးကြဲသတ်ဖြတ်တာတွေအပါအဝင် အကြောင်းပြချက်မျိုးစုံနဲ့ ရန်ပြု၊ သတ်ဖြတ်၊ မီးရှို့တာတွေ လုပ်လာခဲ့တာပါ။ ဒါကြောင့် အဖွားဒေါ်ရွှေတို့ မိသားစု အပါအဝင် မတ္တရာနယ်က ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ စစ်အုပ်စုရန်က ကင်းလွတ်ဖို့အတွက် စစ်ကိုင်းတိုင်းဘက်ကို စစ်ဘေးရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

နာတာရှည်ရောဂါနဲ့ ဝေဒနာမျိုးစုံ ခံစားနေရတဲ့ အဖွားဒေါ်ရွှေရဲ့ မှီခိုအားထားရာဟာ ကလေးငယ်သုံးဦး ပါတဲ့ အိမ်ထောင်သည် သမီးငယ်တို့ မိသားစုလေးပါ။

အတူတူ စစ်ဘေးတိမ်းရှောင်လာကြရတဲ့ ဒီသမီးနဲ့ သားမက်ဟာလည်း အညာမြေရဲ့ တောကြိုတောကြားမှာ ဖြစ်သလို ခိုကပ်နေကြရတာဖြစ်ပြီး အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိဘဲ ကူညီလှူဒါန်းကြတဲ့သူတွေကိုပဲ မှီခိုအားထားပြီး စားသောက်နေထိုင်ကြရတာ ဖြစ်ပါတယ်။

လူအင်အားရှိပေမယ့် အလုပ်လုပ်စရာမရှိတဲ့ ဒေသကို ရောက်ရှိနေကြရတဲ့ သူတို့အဖို့ နေထိုင် မကောင်းချိန် ဆေးဝယ်သောက်ဖို့တောင် လက်ထဲ ငွေမရှိဘဲ အခက်အခဲ ဖြစ်နေကြရတယ်လို့ အဖွားဒေါ်ရွှေက ပြောပါတယ်။

“ပိုက်ဆံ ရှိတဲ့ခါကျ သွားရတာပေါ့၊ ပိုက်ဆံမရှိတဲ့ခါကျ မသွားရဘူး၊ အခုလည်း ဆေးသောက်ချင်တယ်၊ ပိုက်ဆံမရှိဘူး၊ မသောက်ရဘူး၊ တစ်လလောက်ရှိပြီ၊ မသောက်ရတာ၊ ဆေးကပြတ်သွားတာ၊ လက်ထဲ ငွေမရှိတော့လေ၊ သားသမီးတွေလည်း အလုပ်အကိုင် မရှိဆိုတော့၊ ဒီလိုမျိုး၊ သောက်ချင်တယ်၊ သောက်တော့ သက်သာတာပေါ့၊ အခုရှိ အခုထ သွားဝယ်လို့ ရတယ်၊ ဝယ်စရာ မရှိတော့ မသောက်ရဘူး၊ ဒီလိုမျိုးပဲ။ အားအားနေတော့ မောနေတာပေါ့၊ ငြိမ်လိုက်လို့ရှိရင် မမောဘူး၊ လှုပ်ရှားလာရင် မောပြီ”

အဖွားဒေါ်ရွှေရဲ့ တဲလေးကတော့ သက်ကယ်မိုး၊သက်ကယ်ကာထားပြီး ကြမ်းခင်းအနေနဲ့ တွေ့ရာ သစ်ပင်ငယ်လေးတွေ ခုတ်ကာ အခင်းထူအောင် အပေါ်က ဂျပ်ဖာတွေ ထပ်ခင်းထားတာပါ။ အဲဒီတဲငယ်လေးထဲ ဖြစ်သလို နေရတဲ့ အဖွားဒေါ်ရွှေတစ်ယောက် မိုးသည်းသည်းမဲမဲ ရွာပြီဆိုရင် အခန်းတဝက်လောက်အထိ မိုးပက်တာမို့ မိုးရေတရွှဲရွှဲနဲ့ပဲ နေနေရပါတယ်။

“ဖြစ်သလိုနေရတာပေါ့၊ မိုးကလည်း ပက်ပြီဆို ဒီရောက်တာ၊ ဒီကလည်း ပက်တာပဲ၊ ဒီက ခေါင်းရင်းပက်ရင် ငုတ်တုပ်ထိုင်နေရတာ၊ ဒီထဲ ငုတ်တုပ်ထိုင်နေရတာပေါ့၊ မိုးပက်တော့ ဟိုကလည်း ပက်၊ ဒီကလည်း ပက်တော့ ငုတ်တုပ်လေးထိုင်ရတာ၊ အိပ်မရဘူး၊ အခု စကားပြောတာတောင် မောတာ၊ စားတော့ စားမကောင်းဘူး၊ အိပ်တော့လည်း အိပ်လို့ မရဘူး၊ ဆေးမသောက်ရလို့လား ဘာလား မသိဘူး၊ ဆေး တခါ ဝယ်ရရင် ငါးထောင်၊ တစ်သောင်းဝယ်ရတယ်၊ အစုံဝယ်ရတာလေ၊ တမျိုးထဲ မဟုတ်ဘူး”

အဖွားဒေါ်ရွှေအတွက်တော့ လေးငါးရက်စာ ဆေးသောက်ဖို့ ငါးထောင်ဖိုး၊ တစ်သောင်းဖိုး ဝယ်ဖို့တောင် ပိုက်ဆံ မရှိဘူးလို့ ညည်းတွားပါတယ်။

ဇာတိရွာကလေးရှိရာ မတ္တရာမြေမှာတော့ စစ်အုပ်စုက ကြီးစိုးနေပြီမို့ ဘယ်အချိန် ဘယ်ကာလမှ အိမ်ပြန်ရမယ်ဆိုတာတွေးပြီး အဖွားဒေါ်ရွှေတစ်ယောက် ပင့်သက်တွေချရင်း ငေးလို့သာ နေရပါတော့တယ်။

Related Articles

Back to top button