
သုထက်/MFP၊ မေ- ၁၈
စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့မှာ အာဏာသိမ်း စစ်အုပ်စုက လမ်းတကာလှည့်ပြီးနောက် ကျောင်းနေအရွယ် ကလေးသူငယ်တွေအားလုံးကို ကျောင်းအပ်ဖို့ မိုက်နဲ့လိုက်အော်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
တချိန်တည်းမှာပဲ မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက လမ်းတကာလှည့်ပြီး ရပ်ကွက်တွေထဲအထိ ပိတ်ဆို့ ဖမ်းဆီးကာ လူငယ်လူရွယ်တွေကို အသေခံစစ်သားအဖြစ် အသုံးချဖို့ ပေါ်တာဆွဲ လူသစ်စုနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်ပုံပြောင်းဝတ်ပြီးနောက် မုံရွာမြို့ရှိ စစ်အုပ်စုက မြို့ခံတွေကို ချော့မော့လိုတဲ့သဘောရှိပြီး ကလေးတွေ ကျောင်းထားဖို့ လမ်းတကာလှည့်ကာ မိုက်နဲ့ လိုက်အော်နေသလို စည်ပင်ကလည်း ကျောင်းတွေထဲ အမှိုက်ရှင်းပေးတာမျိုးတွေ လုပ်ပြနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“စစ်ကောင်စီနဲ့ အတုအယောင် ရွေးကောက်ပွဲက တက်လာတဲ့ မင်းအောင်လှိုင် အစိုးရက လူထု စည်းရုံးရေးကို တအား လုပ်ပြနေတယ်၊ လူထုဘက်ကလည်း ကလေးတွေ ပညာရေးအတွက်က တစ်ကြောင်း၊ မြို့ပြဆိုတော့ ပညာရေးက ရွေးချယ်စရာ မရှိဘူးလေ၊ ဒါကြောင့် ကျောင်းအပ်တာတွေ လုပ်နေကြတယ်” လို့ မုံရွာမြို့ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

မုံရွာမြို့ပေါ်ရှိ Non CDM တွေကို လူစုခိုင်းကာ စည်ပင်နဲ့ ပေါင်းပြီး စစ်အုပ်စုက မြို့ပေါ်ရှိ စာသင်ကျောင်းတွေမှာ အမှိုက်ရှင်းခိုင်းတာ၊ သစ်ပင်တွေ ချိုင်ခိုင်းတာ၊ ရေကန်တွေ သန့်ရှင်းရေး လုပ်ခိုင်းတာတွေကိုလည်း ယခုရက်ပိုင်း လုပ်ပြနေတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုက မုံရွာမြို့ပေါ် ရပ်ကွက်အနှံ့ ပေါ်တာလိုက်ဆွဲနေသလို မြို့ပြင် တခြားဒေသကနေ မုံရွာမြို့ပေါ် စျေးရောင်းစျေဒဝယ်လာသူ၊ ခရီးသွားသူတွေကိုလည်း လူငယ်လူရွယ်တွေကို အလွတ်မပေးဘဲ ရသလောက်ဖမ်းဆီးကာ ပေါ်တာဆွဲ လူသစ်စုနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“မုံရွာမြို့ထဲတင် မကဘူး၊ ရပ်ကွက်တွေထဲမှာကို လိုက်ဆွဲနေတာ။ မေလထဲတင်ကို လူငယ် ၅၀ ဝန်းကျင်တော့ ပေါ်တာဆွဲခံထားရတယ်” လို့ အထက်ပါ မြို့ခံက ထပ်မံပြောဆိုပါတယ်။
ယခု မေလ လဝက်အတွင်း မုံရွာမှာ ပေါ်တာဆွဲခံရသူ ၅၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။

မုံရွာမြို့ရှိ စျေးတွေ၊ လူစည်ကားရာ နေရာတွေမှာ စစ်အုပ်စုက ပေါ်တာဆွဲသလို မြို့ဆင်ခြေဖုံး ရပ်ကွက်တွေမှာ စစ်အုပ်စုက ရပ်ကွက်ထဲအထိ ပိတ်ဆို့စီးနင်းကာ ပေါ်တာဆွဲတာ၊ အလုပ်သွား အလုပ်ပြန်ချိန်တွေနဲ့ မုံရွာမြို့ပြင်ကနေ မြို့တွင်းဘက် အလုပ်လာလုပ်သူတွေကို ချောင်းမြောင်း ပေါ်တာဆွဲတာတွေ လုပ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ မုံရွာမြို့အနှံ့ စစ်ကားတွေနဲ့ လှည့်ကာ ပေါ်တာဆွဲသလို အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ လမ်းပေါ် လှည့်လည်သွားလာကာ အလစ်အငိုက်ချောင်းပြီးနောက် ကားပေါ်ဆွဲတင်ကာ ပေါ်တာဆွဲတာတွေ လုပ်နေတာ ဖြစ်တယ်လို့ ကိုယ်တိုင်ကြုံရသူတွေရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။
စစ်အုပ်စုဟာ သူတို့ ကြီးစိုးထိန်းချုပ်ရာ မြို့တွေရှိ ကျောင်းတွေမှာ ကလေးတွေ ကျောင်းအပ်ဖို့ လိုက်လံ ဆော်ဩနေပေမဲ့ သူတို့ မထိန်းချုပ်နိုင်တဲ့ မြို့၊ရွာတွေရှိ စာသင်ကျောင်းတွေကိုတော့ လေကြောင်း ဗုံးကြဲသတ်ဖြတ်တာတွေ ဆက်တိုက် ကျူးလွန်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ အတွင်း စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အရပ်သား ပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ စာသင်ကျောင်းတွေ အပါအဝင် ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

မုံရွာမှာ ကလေးတွေ ကျောင်းအပ်ဖို့ မိုက်နဲ့ လိုက်အော်နေတဲ့ စစ်အုပ်စုနဲ့ စစ်ကိုင်း၊ရွှေဘိုတို့မှာ အယောင်ပြ အမှိုက်ရှင်းနေသူတွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မုံရွာ #စာသင်ကျောင်း



