မကွေးသတင်း

ပခုက္ကူ မြစ်ခြေနယ်မှာ စစ်အုပ်စုက ပြည်သူခုနှစ်ဦးကို သတ်ဖြတ်ပြီး အများအပြားကို ဖမ်းဆီးနှိပ်စက်နေ၊‌စစ်အုပ်စုစစ်ကြောင်းကြောင့် ဒေသခံ လေးသောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရ

‌အီသာရမ်/MFP၊ မေ- ၂၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့ပေါ်ကို ရောက်နေတဲ့ စစ်အုပ်စုစစ်ကြောင်းက ပြည်သူ ခုနှစ်ဦးကို သတ်ဖြတ်ထားပြီး အများအပြားကို ဖမ်းဆီးနှိပ်စ‌က်နေသလို စစ်အုပ်စုရန်ကြောင့် ဒေသခံ လေးသောင်းနီးပါးကလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မေလ ၁၀ ရက်နေ့က စပြီး ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့အထိုင်တပ်တွေက စစ်အုပ်စုနဲ့ပျူစောထီး ခန့်မှန်းအင်အား ၅၀၀ ခန့်ပါစစ်ကြောင်းဟာ မြစ်ခြေနယ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေသလို ကျေးရွာက တွေ့သမျှ ပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်တာ‌တွေ ၊ ရိုက်နှက်တာတွေနဲ့ သေနတ်နဲ့ ပစ်သတ်တာတွေကို ထင်တိုင်းကြဲ ကျူးလွန်နေခဲ့တာပါ။

လတ်တလောမှာတော့ စစ်အုပ်စုဟာ မြစ်ခြေမြို့ပေါ်မှာ တပ်ဖြန့်နေရာယူထားကာ ဒေသခံပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေပြီး မြစ်ခြေမြို့ပေါ် စာသင်ကျောင်းနဲ့ အနီးအနားတွေမှာလည်း ပြည်သူတွေရဲ့ ရုပ်အလောင်းတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တွေ့ပြီဆိုလို့ရှိရင် ပစ်သတ်လိုက်တာတွေရှိတယ်၊ဖမ်းခေါ်သွားတာလည်း ရှိတယ်။ စိတ်မထင်ရင် ခေါ် ပြီး ရိုက်ရင်းနဲ့ သတ်လိုက်တာတွေရှိတယ်၊အင်ဝိုင်းကသုံးယောက်၊ကျောင်းထဲကနှစ်ယောက် အခုမြစ်ခြေဇာတ်ရုံနားမှာ တစ်လောင်းတွေ့တယ်။ နောက်ထပ်ကျောင်းထဲမှာလည်း တစ်လောင်းတွေ့တယ်။ အဲဒါဆိုရင်ကို ခုနှစ်ယောက်ရှိနေပြီ ကျန်တာတွေလည်း ရှိသေးတယ်” လို့သူကဆိုပါတယ်။

အဆိုပါ စစ်အုပ်စုနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ မြစ်ခြေမြို့‌အနီး ကျေးရွာတွေက ပြည်သူတွေနဲ့ မြို့ပေါ်က ဘုန်းကြီးတစ်ပါး အပါအဝင် ဒေသခံပြည်သူတွေ ၆၀ ခန့်ကိုလည်း ဖမ်းဆီးနှိပ်စက်ထားပြီး ဓားနဲ့ လှီးဖြတ်တာ၊ ဦးခေါင်းနဲ့နားထင်နေရာတွေကို ဓားနဲ့လှည့်ပြီး ထိုးဆွတာမျိုးတွေလုပ်ပြီး မျိုးစုံနှိပ်စက် ညှဥ်းပန်းနေတယ်လို့ ဆိုပါတယ်။

မေလ ၂၆ ရက်နေ့ ဒီကနေ့မှာတော့ အဆိုပါ စစ်အုပ်စုစစ်ကြောင်းဟာ မြစ်ခြေမြို့ပေါ်ဈေးက ပြည်သူပိုင်ဆိုင်ခန်းတွေကို စိတ်တိုင်းကျ ဖောက်ထွင်းခိုးယူခဲ့ပြီးနောက် စျေးကိုမီးရှို့ဖျက်ဆီးသွားတာကြောင့် ပျက်စီးဆုံးရှုံးမှု အတော်များတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး မီးရှို့ပြီးနောက် မေလ ၁၄ ရက်နေ့ကလည်း ထန်းတောခြောက်ကျေးရွာက မွေးကင်းစရက်သား ကလေးငယ်နဲ့ မိခင်တို့ကို နေအိမ်မှာပဲ သတ်ဖြတ်ပြီး မီးရှို့ခဲ့သလို အင်ဝိုင်းကျေးရွာက အမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်အုပ်စုစစ်ကြောင်းတွေကြောင့် မြစ်ခြေမြို့ပေါ်က ဒေသခံပြည်သူ နှစ်သောင်းခွဲခန့်နဲ့ အနီးအနားကျေးရွာတွေက ဒေသခံပြည်သူ‌တစ်သောင်းကျော် စုစုပေါင်းပြည်သူ လေးသောင်းဝန်းကျင်ဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ အခုဆိုရင် နှစ်ပတ်ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ စစ်ဘေးရှောင်နေကြရတဲ့ မြိုင်နယ်နဲ့ ပခုက္ကူနယ် ကျေးရွာတွေကို ပခုက္ကူမြို့ပေါ်ကနေ ရိက္ခာတွေ ဝယ်ယူတင်သွင်းခွင့် ပိတ်ပင်ထားတာကြောင့် လက်ရှိမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ဆေးဝါးနဲ့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်းထိုးလို့ တောတောင်အတွင်း လှည့်လည်နေထိုင်ကြရတဲ့ စစ်ရှောင်ပြည်သူတွေ/ ဓာတ်ပုံ-ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

Mandalay_Free_Press_MFP

မကွေး #ပခုက္ကူ #မြစ်ခြေ #စစ်ကြောင်းထိုးသတ်ဖြတ်

Related Articles

Back to top button