မကွေးသတင်းအညာမြေ တော်လှန်ရေး

ရခိုင်ရိုးမအစပ်၊ သရက် – မင်းတုန်း လမ်းတကြော စစ်အုပ်စု အင်အားထောင်ချီ ထိုးစစ်ဆင်၊

မင်းတုန်းမှာ တစ်လကျော်အတွင်း တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပြီး စစ်အုပ်စု ၂၀ ကျော် သေ၊

​ဝင်းသိန်း/MFP၊ ဇွန် – ၂

​မကွေးတိုင်း၊ သရက်ခရိုင်၊ ရခိုင်ရိုးမအစပ်ရှိ၊ သရက် – မင်းတုန်း ကားလမ်းတလျှောက်ကို အာဏာသိမ်း စစ်အုပ်စုက သင်္ကြန်ကာလက စတင်ကာ အင်အား ထောင်နဲ့ချီ အသုံးပြုပြီး ထိုးစစ်ဆင်နေလို့ ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ PDF သရက်ခရိုင် အမှတ် ၄ တပ်ရင်းက MFP ကို ပြောပါတယ်။ ​

ပြီးခဲ့တဲ့ ဧပြီ ၁၈ရက်က စတင်ပြီး သရက်မြို့ အခြေစိုက် စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း (ခလရ) ၄၄၊ လက်နက်စက်ရုံ (ကပစ) ၁၂ နဲ့ မန္တလေးမြို့ အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ လက်အောက်ခံ တပ်တွေကနေ မတရားပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို သုံးကာ အင်အား ၁၀၀၀ ကျော်နဲ့ မင်းတုန်းမြို့နယ်ထဲကို စစ်ကြောင်းထိုး ဖြန့်ခွဲ ဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။

ဧပြီလလယ်ကနေ မေလကုန်အထိ တစ်လကျော်အတွင်း မင်းတုန်းနယ်မှာ တိုက်ပွဲပေါင်း ၁၇ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သရက်ခရိုင် PDF အမှတ် ၄ တပ်ရင်း၊ ပြန်ကြားရေးတာဝန်ခံက MFP ကို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ရန်သူ့စစ်ကြောင်းကို လမ်းပိုင်းကနေ စပြီး ကြားဖြတ် တိုက်ခိုက်မှုတွေ၊ မိုင်းဆွဲ တာတွေနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။ ဒီကနေ့အထိ တိုက်ပွဲပေါင်း ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်က ၂၀ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရတာတွေလည်း အများအပြား ရှိခဲ့တယ်။ ကျနော်တို့ ဘက်ကတော့ ရဲဘော်နှစ်ဦး လက်နက်ကြီးစ ထိမှန်ထားပေမယ့် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေပဲ ဖြစ်ပါတယ်”

​ဒေသခံ တော်လှန်ရေးတပ်တွေ အနေနဲ့ စစ်အုပ်စု စစ်ကြောင်း စတင် ဝင်ရောက်လာတဲ့ သရက် – မင်းတုန်း လမ်းပိုင်းကနေ စတင်ပြီး မင်းတုန်းမြို့နယ် ပြောင်းကျေးရွာနဲ့ ဒေါင်းတိုက်ကျေးရွာအနီးတွေမှာ ကြားဖြတ် တိုက်ခိုက်တာ၊ မိုင်းဆွဲတာနဲ့ ဒရုန်း ဗုံးကြဲတိုက်ခိုက်တာတွေကို ခံစစ်အသွင်နဲ့ အကြိတ်အနယ် ခုခံခဲ့ကြတာလို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်အုပ်စုက စစ်ကြောင်းထိုးရာမှာ ဒေသခံပြည်သူကို ပစ်မှတ်ထားပြီး ကျေးရွာတွေကို လေကြောင်း ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

“စစ်တပ်က အခုစစ်ကြောင်း သုံးကြောင်း ခွဲပြီး မင်းတုန်းအနောက်ခြမ်း ရွာတွေနဲ့ ရခိုင်ရိုးမ အစပ်ကို ဆက်ပြီး စစ်ကြောင်းထိုးနေတုန်းပဲ။ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေပါတယ်။ ဒါကြောင့် မိဘ ပြည်သူတွေ အနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီး အန္တရာယ်တွေကို အထူး ဂရုပြုကြဖို့နဲ့ ဘေးကင်းလုံခြုံတဲ့ နေရာတွေမှာပဲ ခေတ္တရွှေ့ပြောင်း နေထိုင်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်” လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မကွေးတိုင်းတောင်ပိုင်းရှိ သရက် – မင်းတုန်း လမ်းပိုင်းဟာ ရခိုင်ရိုးမနဲ့ နီးစပ်ပြီး စစ်အုပ်စုအတွက် စစ်ရေး၊ ကုန်သွယ်ရေးအရ ဗျူဟာမြောက်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း တော်လှန်ရေးတပ်တွေက အဲ့ဒီ လမ်းပိုင်းကို စိုးမိုးထားနိုင်ခဲ့ပြီး စစ်အုပ်စုရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ထားနိုင်ခဲ့တာပါ။

​လက်ရှိမှာတော့ စစ်အုပ်စုက အဲ့ဒီ လမ်းပိုင်းကို ပြန်လည် စိုးမိုးနိုင်ဖို့နဲ့ သူတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည် ရရှိရေးအတွက် ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို အသေခံ ရှေ့ကတက်ခိုင်းကာ အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်လာတာလို့ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။ ​

အာဏာသိမ်းစစ်အုပ်စုဟာ မင်းတုန်းမြို့နယ်ထဲ စစ်ကြောင်း သုံးကြောင်းခွဲကာ ထိုးစစ်ဆင်နေပြီး မင်းတုန်း အနောက်ခြမ်း ကျေးရွာတွေနဲ့ ရခိုင်ရိုးမအစပ်ဘက်ကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေ အလွန်အကျွန် သုံးကာ အရှိန်မြှင့် စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သရက်ခရိုင် PDF တပ်ရင်း ၄ ရဲဘော်တွေကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – သရက်ခရိုင် PDF တပ်ရင်း ၄

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #မင်းတုန်း #သရက်

Related Articles

Back to top button