
အီသာရမ်/MFP၊ ဇွန် – ၃
မကွေးတိုင်း၊ မြိုင်မြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ စခန်းတစ်ခုကို စစ်အုပ်စုစစ်ကြောင်း ဝင်ရောက်စီးနင်း သတ်ဖြတ်လို့ တော်လှန်ရေးရဲဘော်သုံးဦး ကျဆုံးကာ လက်နက်ခဲယမ်းတွေလည်း ဆုံးရှုံးသွားရတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ဇွန်လ ၂ ရက်နေ့ မနက် ၄ နာရီဝန်းကျင်က မြိုင်နယ်မြောက်ပိုင်း လင်းကတော ရဲစခန်းကို ရောက်နေတဲ့ စစ်အုပ်စုစစ်ကြောင်းက ခရိုင်တပ်ရင်း-၂ ရဲ့ တပ်ခွဲစခန်းတစ်ခုကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စခန်းမှာရှိတဲ့ တော်လှန်ရေးရဲဘော် သုံးဦးကျဆုံးကာ ကျန်တဲ့ ရဲဘော်တွေကတော့ ထွက်ပြေးလွတ်မြောက် ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကြားတာကတော့ ကင်းစောင့်တဲ့ဘက်နဲ့ စစ်ကြောင်းလာတဲ့ဘက်နဲ့ လွဲသွားတာ၊ရဲဘော်တစ်ယောက်က ပေါင်မှန်ထားပြီးမှ ခေါင်းကိုတေ့ ပစ်သွားတာထင်တယ်၊ကျန်တဲ့ရဲဘော်တွေကတော့ လွတ်ပါတယ်” လို့သူကဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့စခန်း စီးနင်းခံရတာနဲ့ ပတ်သတ်ပြီး စစ်အုပ်စုရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း ရဲဘော်တွေရဲ့ ရုပ်အလောင်းပုံတွေနဲ့ သိမ်းဆည်းသွားတဲ့ လက်နက်ခဲယမ်းနဲ့ ကားပုံတွေကို ထုတ်ပြန် ဖော်ပြထားပါတယ်။
စစ်အုပ်စုစစ်ကြောင်းစီးနင်းလို့ ရဲဘော်သုံးဦးကျဆုံးတဲ့အပြင် လက်နက်ခဲယမ်းအဖြစ် စိန်ပြောင်းတစ်လက်၊ ကာဘိုင်အမျိုးအစား သေနတ်တစ်လက်နဲ့ ခဲယမ်းတွေ ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်းက လင်းကတောရဲစခန်းကို စစ်ကြောင်းထိုးရောက်ရှိနေတာ နှစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ချောင်းတောင်းကျေးရွာ၊မရိုးကန်ကျေးရွာနဲ့ ပေါင်းတည်ကျေးရွာတို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်စုစုပေါင်း ၁၂ လုံးခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီစစ်အုပ်စုစစ်ကြောင်းကြောင့် လင်းကတောရဲစခန်းအနီးက ကျေးရွာ၅ရွာခန့်က ဒေသခံပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မြိုင်မြို့နယ်မှာ စစ်အုပ်စုက စစ်ကြောင်းနှစ်ကြောင်း ထိုးနေတာဖြစ်ပြီး မြိုင်နယ်တောင်ပိုင်းက ဒေသအခေါ်စက်မှု-၂ မှာလည်း စစ်အုပ်စုခန့်မှန်းအင်အား ၂၀၀ ခန့်ရောက်ရှိနေကာ စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းလည်း မြိုင်မြို့နယ်မြောက်ပိုင်းက လက်ယက်မကျေးရွာကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ မောင်းသူမဲ့ ဒရုန်းနှစ်စီးနဲ့ ပြည်သူတွေကို ဦးတည်တိုက်ခိုက်သွားပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီလို မြိုင်နယ် လင်းကတောရွာမှာ အခြေစိုက်ပြီး အနီးဝန်းကျင် ကျေးရွာတွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ စစ်အုပ်စုစစ်ကြောင်းတွေကို မေလ၂၅ ရက်နဲ့ ၂၆ရက်တွေမှာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဝင် အများအပြား သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့သလို နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားတာတွေလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် မေလ ၂၃ရက်နေ့ မနက်ပိုင်းကလည်း တမာမြေစစ်ဆင်ရေးအဖြစ် မြိုင်မြို့နယ် သရက်ကန်ပျူစောထီးစခန်းကို လေကြောင်းအကြိမ်ရေ ၄၀ ခန့်ပစ်ကူနေတဲ့ ကြားကပဲ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့ကာ ရွာအတွင်း ပိတ်မိနေတဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၄၉ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။
မြိုင်နယ်က တော်လှန်ရေးစခန်းတစ်ခုကို စစ်အုပ်စုက ဝင်ရောက်စီးနင်းစဉ် ပါသွားတဲ့ လက်နက်တချို့နဲ့ မော်တော်ယာဉ်တစ်စီး/ ဓာတ်ပုံ- စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်



