မင်းတပ်မြို့နဲ့ (၁၀) မိုင်အကွာမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ၊ရှေ့မတိုးနိုင်တဲ့ စစ်အုပ်စု မင်းတပ်မြို့အနီး အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေ၊

ဒံယေလ/MFP၊ဇွန်-၄
ချင်းပြည်နယ်တောင်ပိုင်း ၊မင်းတပ်မြို့နယ်မှာ စစ်အုပ်စုနဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တစ်ပတ်တာနီးပါး တိုက်ပွဲပြင်းထန်နေပြီး ရှေ့မတိုးနိုင်တဲ့ စစ်အုပ်စုက မင်းတပ်မြို့အနီး ပတ်ဝန်းကျင် ကျေးရွာတွေကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုတပ်တွေဟာ မေ(၃၀) ရက်နေ့က စတင်ကာ မကွေးတိုင်း ၊ကျောက်ထုမြို့နယ် ကံကြီးကျေးရွာကနေ မင်းတပ်မြို့ကို ဦးတည်စစ်ကြောင်းထိုး ဝင်ရောက်နေတာ ဖြစ်ပါတယ်။
ဒီလိုစစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်အုပ်စုတပ်ကို ချင်းတော်လှန်ရေးအင်အားစုတွေက မင်းတပ် -ကျောက်ထုလမ်းပိုင်းက တောင်ကြားလမ်းတွေနဲ့ ထင်ချောင်းကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်နေတာ ဖြစ်ပြီး တစ်ပတ်တာနီးပါး တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နှစ်ဖက်တပ်တွေက မင်းတပ်မြို့ နဲ့ (၁၀) မိုင်ခန့် အကွာမှာရှိတဲ့ ထင်ချောင်းကျေးရွာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စုက ရှေ့ဆက်မတိုးနိုင် ဖြစ်နေကာ မင်းတပ်နယ်အတွင်းက ကျေးရွာတွေကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ချင်းပြည်သူ့တပ်မတော် (Chin People’s Army-CPA)ရဲ့ မြေပြင်ရဲဘော်တစ်ဦးက ပြောပါတယ်။
“လေကြောင်းပစ်ကူကတော့ တောက်လျှောက်ပဲဗျ။ ကျောက်ထုကနေလည်း လက်နက်ကြီး ပစ်ကူပေးတာမျိုးလည်း ရှိတယ်။ညက ဖိုက်တာ ကတော့ သုံးကြိမ်ကြဲတယ်။တစ်ကြိမ်ကတော့ y-12 ထင်တယ်။အလုံးရေကတော့ မသိဘူးဗျ”လို့ အဆိုပါ ရဲဘော်ကဆိုပါတယ်။
စစ်အုပ်စုဟာ အဲဒီလို လေကြောင်းဗုံးကြဲနေတာတွေအပြင် ကျောက်ထုမြို့ကနေ မင်းတပ်မြို့ဘက်ကို လက်နက်ကြီးနဲ့လည်း ပစ်ကူတိုက်ခိုက်တာတွေ လုပ်နေပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
အဲဒီစစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇွန်လ (၁)ရက်နေ့ကလည်း မင်းတပ်မြို့နယ် ၊ထင်ချောင်းကျေးရွာက အသက် (၆၀)အရွယ် ဦးကီးမာန်နဲ့ (၁၆) နှစ်အရွယ် ဆယ်တန်းကျောင်းသား တစ်ယောက်ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မင်းတပ်မြို့နယ်အတွင်းက ဒေသခံ (၁၇၀၀၀) ဝန်းကျင်ဟာ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ မင်းတပ်မြို့နယ် စစ်ရှောင်စခန်းတွေ စီမံခန့်ခွဲရေး ကော်မတီ ( Mindat Township IDPs Camp Management Committee)ရဲ့ တာဝန်ခံ Lawrence Yaw Kee က ပြောပါတယ်။
“ မိုးကဆက်တိုက်ကို ရွာနေတယ် နှစ်ပတ်သုံးပတ်လောက်ရှိပါပြီ။ မိုးတွင်းကာလမှာ အမြဲတမ်း ဘယ်လိုပဲပြင်ဆင်ပြင်ဆင် ကြုံတွေ့နေရတာက အစားအသောက်တွေ ဆန်တွေ ပဲတွေ စိုထိုင်းပြီး မှိုတက်လွယ်တယ်။ နွေရာသီမှာ စုဆောင်းထားတဲ့ ပဲနဲ့ ဆန်တွေကလည်း လွယ်လင့်တကူ ပျက်လွယ်တယ်ဗျ။ ဆိုတော့ မိုးတွင်းကာလမှာ အောက်ပြည်အောက်ရွာမှာလို အသီးအရွက်တွေ ဝယ်ခြမ်းလို့ မရဘူး။ စျေးလည်းမရှိဘူး။ ကိုယ့်ဘာသာကိုယ် စိုက်ပျိုးစားသောက်နေရတာ။ ဝဥကိုပဲ အဓိကစားနေရတယ် ” လို့ သူကပြောပါတယ်။
စစ်အုပ်စုဟာ ချင်းပြည်တောင်ပိုင်း မင်းတပ်၊ကန်ပက်လက် ၊မတူပီ ၊ပလက်ဝမြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး မေ (၂၈) ရက်နေ့မှာ ပလက်ဝမြို့နယ်က ခရီးသွားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့သလို မေ (၁၃) ရက်နေ့ကလည်း မတူပီမြို့က မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါသေးတယ်။
မင်းတပ်မြို့နယ်အတွင်းမှာ ၂၀၂၁ ဇန်နဝါရီလကနေ ၂၀၂၄ ဒီဇင်ဘာလအထိ လေးနှစ်တာအတွင်း အာဟာရချို့တဲ့လို့ သေဆုံးသူ နှစ်ဦး ၊မီးဖွားနေစဉ်အတွင်း သေဆုံးသူရှစ်ဦး ၊ကူးစက်ရောဂါ (တီဘီ /AIDS ၊ဝမ်းပျက် ၊ဝမ်းလျှော ၊ကာလဝမ်းရောဂါ)တွေကြောင့် သေဆုံးသူခြောက်ဦး၊ဆေးဝါးပြတ်လပ်လို့ နာတာရှည် လေဖြတ်ရောဂါနဲ့ သေဆုံးသူတစ်ဦး ၊လက်နက်ကြီး ၊လေကြောင်းတိုက်ခိုက်မှု ၊မိုင်းစထိမှန်သေဆုံးသူ ခုနှစ်ဦး ၊မွေးကင်းစ ကလေးငယ်လေးဦး ၊အခြားသေဆုံးသူ ကိုးဦးအပါအဝင် သေဆုံးသူ စုစုပေါင်း (၇၆၆) ဦးရှိခဲ့တယ်လို့ စစ်ရှောင်တွေအရေး ကူညီပေးနေတဲ့ Mindat Township IDPs Camp Management Committee က ဇွန် (၂) ရက် ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုတပ်တွေက ချင်းပြည်နယ် မြောက်ပိုင်းဖြစ်တဲ့ ဖလမ်းနဲ့ တွန်းဇံမြို့တွေကိုထိန်းချုပ်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိဒ်မြို့ကို ဦးတည်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေသလို ၊ချင်းပြည်၊တောင်ပိုင်းမှာလည်း (ရခိုင် _မကွေး-ချင်း ) သုံးမြို့ရဲ့ ကုန်သွယ်ရေး လမ်းမကြီးတည်ရှိရာ ကန်ပက်လက်နဲ့ မင်းတပ်မြို့ကို ဦးတည်စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။ကျန်ရှိတဲ့ ဟားခါး ၊ဖလမ်း ၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း ၊ဝေဘူလ၊တွန်းဇံ မြို့တို့ကိုတော့ စစ်အုပ်စုက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
စစ်အုပ်စုစစ်ကြောင်းထိုး သတ်ဖြတ်လို့ သေဆုံးသွားတဲ့ ထင်ချောင်းရွာက အသက် ၆၀ အရွယ် ဦးကီးမာန်/ ဓာတ်ပုံ-ပေးပို့



