စစ်ကိုင်းသတင်း

စစ်ကိုင်းလဝကရုံး ဗုံးခွဲခံရပြီး (၁၇) ဦးထက်မနည်း ဒဏ်ရာရ၊

ရွှေဥ/MFP၊ ဇွန်-၅

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့ ပေါ် ၊ ပါရမီရပ်ကွက်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံး ဇွန်(၅) ရက် ဒီနေ့မနက်မှာ ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူ (၁၇) ဦးထက်မနည်း ရှိတယ်လို့ မြို့ခံတွေက MFPကို ပြောပါတယ်။

ဒီနေ့မနက် (၁၀) နာရီကျော်အချိန်မှာ ဗုံးခွဲတိုက်ခိုက်ခံရတာဖြစ်ပြီး လဝကဝန်ထမ်းတွေနဲ့ မှတ်ပုံတင် လာရောက်လုပ်ကိုင်သူတွေ အပါအဝင် ဒေသခံ (၁၇) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

“လဝကရုံးဗုံးကွဲတယ်။ဒဏ်ရာ ရတာက (၁၇) ယောက်ရှိပြီလို့ သိရတယ် ၊ဒီထက်များနိုင်ပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ပါတယ်လို့ သိရတယ်ဗျ။စစ်ကားတွေတော့ ရှုပ်နေကြတယ်။”လို့ အဆိုပါ မြို့ခံကပြောပါတယ်။

ဒီလို ဗုံးခွဲတိုက်ခိုက်ခံရပြီး နောက်မှာတော့ စစ်အုပ်စုတပ်တွေက ပါရမီရပ်ကွက်နဲ့ စစ်ကိုင်းမြို့ အဝင်အထွက် ဂိတ်တွေမှာ လုံခြုံရေးတင်းကြပ်ထားကာ စစ်ယာဉ်တန်းတွေနဲ့ လှည့်ပတ်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“စစ်ဆေးတာကတော့အရင်ကလည်း စစ်ဆေးတာပဲ ၊အခုကတော့ ပါရမီရပ်ကွက်မှာ စစ်ကားတွေ သွားနေကြတယ်”သူကပြောပါတယ်။

ဒီတိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းအခြေစိုက် ၊တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကတော့ တိုက်ခိုက်မှု ဖြစ်စဉ်ကို မကြာခင် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ စစ်ကိုင်းမြို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အသေးစိတ် အချက်လက် ရတာနဲ့ မကြာခင် ထုတ်ပြန်ပေးသွားပါလိမ့်မယ်”လို့ သူကဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလအတွင်း စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်၊စိန်ကုန်းရပ်ကွက်၊ ပန်းဘဲတန်းရပ်ကွက်၊ ချင်းစုရပ်ကွက်၊ဧမြဝတီရပ်ကွက်၊ရွာထောင်ရပ်ကွက်၊သောတပန်ရပ်ကွက်၊မင်းဇံရပ်ကွက်၊ထုံးဘိုရပ်ကွက်၊တကောင်းရပ်ကွက်တွေက လူငယ်တွေနဲ့ လမ်းသွားလမ်းလာ အမျိုးသား (၃၀) ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သားစုဆောင်းရေးထဲ ပို့ဆောင်ခဲ့တယ်လို့ နန္ဒဝန်ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၁ ရက်တုန်းကလည်း တော်လှန်ရေးအင်းအားစုတွေက စစ်ကိုင်းမြို့ အခြေစိုက် လဝကရုံးကို စီးနင်းဝင်ရောက်ပြီး စစ်အုပ်စုနဲ့ အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ပွားကာ တော်လှန်ရေးရဲဘော်ငါးဦး ကျဆုံးခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ စစ်အုပ်စုတပ်တွေက စစ်ကိုင်း ၊ရွှေဘို ၊မုံရွာ ၊ကလေး ၊တမူး ၊ဝက်လက် စတဲ့မြို့နယ်တွေမှာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံး တွေက မှတ်ပုံတင် ပြုလုပ်ပေးနေတာတွေ ရှိသလို ၊ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းလဝကရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိသူများကို မြင်ရစဉ် / ဓာတ်ပုံ-စစ်အုပ်စုတယ်လီဂရမ်

Related Articles

Back to top button