မကွေးသတင်း

မြစ်ခြေမြို့မှာ စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ အမျိုးသမီးနှစ်ဦးရဲ့ အလောင်း ထပ်တွေ့၊ အလောင်း ၄၀ ကျော် ရှိလာပြီး ပျောက်ဆုံး နေသူတွေ ရှိ၊

မြစ်ခြေတနယ်လုံး ဆက်လက် စစ်ဘေးရှောင်နေကြရဆဲ၊

‌အီသာရမ်/MFP၊ ဇွန် – ၇

ပုဂံမြို့ တဖက်ကမ်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့မှာ စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ် စွန့်ပစ်ခဲ့တဲ့ ပုပ်ပွနေတဲ့ အမျိုးသမီး နှစ်ဦးရဲ့ အလောင်းတွေကို ဇွန်လ ၅ရက်မှာ ထပ်မံ တွေ့ရှိရပြီး စုစုပေါင်း အလောင်း ၄၀ ကျော်အထိ ရှိလာပြီ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇွန်လ ၅ ရက်က မြစ်ခြေမြို့ပေါ်ရှိ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ နေရာတွေကို သန့်ရှင်းရေး လုပ်ကြရာ အမျိုးသမီး နှစ်ဦးရဲ့ အလောင်းတွေ ထပ်မံတွေ့ရှိတာဖြစ်ပြီး လက်ရှိမှာ စုစုပေါင်း အလောင်း ၂၈ လောင်းခန့်ကို တွေ့ရှိထားကာ မီးရှို့ထားတဲ့ အရိုးစုတွေ အပါအဝင် သတ်ဖြတ်ခံရသူ ၄၀ ကျော် ရှိပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“၅ ရက်နေ့က အမျိုးသမီးနှစ်လောင်း ထပ်တွေ့တာ ရှိထားတယ်၊ အခု အလောင်းတွေ့တာတင် ၂၈ လောင်း တွေ့ပြီပေါ့၊ အိမ်တွေထဲမှာ ထည့်မီးရှို့တာတွေက အရိုး‌စုတွေ့တာတွေ ရှိသေးတာ၊ ပျောက်ဆုံးတွေကကျ သေစာရင်း မသွင်းရသေးဘူး”

မန္တလေးမြို့၊ နန်းတွင်းအခြေပြု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ လက်အောက်ခံ ပုဂံ-ညောင်ဦးမြို့နဲ့ ပခုက္ကူမြို့ရှိ စစ်အုပ်စု အင်အား ၄၀၀ လောက်ဟာ မေလ ၁၀ရက်ကနေ ဇွန် ၂ရက်အထိ မြစ်ခြေမြို့နဲ့ မြစ်ခြေတိုက်နယ်ရှိ ကျေးရွာတွေကို စီးနင်းကာ စုစုပေါင်း အိမ်ခြေ ၁၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးပြီးနောက် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် ဒေသခံပြည်သူ ၅၀ ဝန်းကျင်ကို သတ်ဖြတ်စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။

ဇွန်၂ရက်မှာ မြစ်ခြေမြို့ပေါ်က စစ်အုပ်စု ပြန်ထွက်သွားလို့ ဒေသခံတွေ မြို့တွင်း ဝင်ရောက်ကြည့်ရှု့ရာ မြို့အနှံ့ပြန့်ကြဲနေတဲ့ ပုပ်ပွနေတဲ့ အလောင်း ၂၄ လောင်းနဲ့ မီးရှို့ထားတဲ့ အရိုးစုတွေ တွေ့ရပြီး ယခုလို မီးလောင်ပြင်နဲ့ အပျက်အစီးတွေကို ထပ်မံရှင်းလင်းချိန် အလောင်းတွေ ထပ်မံ တွေ့ရှိရတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မြစ်ခြေမြို့တွင်း ဖမ်းမိတဲ့ ပြည်သူတွေကို နေရာအနှံ့မှာ သတ်ဖြတ်စွန့်ပစ်ခဲ့တာ ဖြစ်ပြီး မြစ်ခြေမြို့အနီးရှိ ဆွဲကြီးကျေးရွာ ဘုန်းကြီးကျောင်းတဝိုက်မှာ အလောင်း ၁၃ လောင်း တွေ့ရသလို မြစ်ခြေမြို့ပေါ် နေရာအနှံ့မှာ  အလောင်းတွေ တွေ့ရတာလို့ အလောင်းတွေကို ကောက်ယူ သင်္ဂြိုဟ် ပေးခဲ့သူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယူဆရပြီး ပျောက်ဆုံးနေတဲ့ မြစ်ခြေဒေသခံ ငါးဦး ထက်မနည်း ရှိပြီး အဲ့ဒီ ပျောက်ဆုံးနေသူတွေအကြောင်း မိသားစုက လိုက်လံစုံစမ်းပေမယ့် အဆက်အသွယ် မရသေးဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြစ်ခြေနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ မြစ်ခြေမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေကို မသတ်ဖြတ်ခင် မြစ်ခြေတိုက်နယ်အတွင်းရှိ ကျေးရွာတွေက မွေးကင်းစကလေးနဲ့ မီးနေသည်မိခင် အပါအဝင် ကျေးရွာ ဒေသခံ ပြည်သူ ၁၀ ဦး ထက်မနည်းကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်။

စစ်အုပ်စုဟာ မြစ်ခြေမြို့ပေါ်ရှိ နေအိမ်တွေ၊ မြစ်ခြေစျေးကြီးနဲ့ မြစ်ခြေတိုက်နယ်အတွင်းရှိ ကျေးရွာ ၁၅ရွာခန့်ကို စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးရာ မြစ်ခြေစျေးကြီးတစ်ခုလုံး စျေးလုံးကျွတ် ပြာကျ ပျက်စီးသလို စုစုပေါင်း အိမ်ခြေ ၁၀၀၀ ခန့်လည်း ပြာကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်ထိ နယ်မြေရှင်းလင်းရင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေရဆဲမို့ သေဆုံးသူ၊ ပျောက်ဆုံးသူနဲ့ မီးလောင်ပြာကျတဲ့ အိမ်ခြေ အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ ထင်တိုင်းကျဲ ဖမ်းဆီးညှဉ်းပန်း၊ သတ်ဖြတ်တာကို ခံခဲ့ရတာကြောင့် အသက်မသေတဲ့ ပြည်သူတွေဟာလည်း ကျေးရွာတွေထဲ ပြန်လည် မနေထိုင်ရဲသေးဘဲ တချို့ကလည်း နေအိမ်မီးလောင်သွားလို့ နေစရာမရှိတော့ဘဲ ဆက်လက် စစ်ဘေးရှောင်နေကြရကာ စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက မြစ်ခြေတနယ်လုံးရှိ နေအိမ်တွေ၊ စားနပ်ရိက္ခာတွေနဲ့ စိုက်ပျိုးသီးနှံတွေကို မီးရှို့ဖျက်ဆီးသွားတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ စားနပ်ရိက္ခာ ခက်ခဲနေသလို ပြန်လည် ထူထောင်ရေးနဲ့ စိုက်ပျိုးရေး လုပ်ကိုုင်ဖို့လည်း ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ နိုင်ငံတဝန်းရှိ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ထင်တိုင်းကျဲ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ မြစ်ခြေမြို့ရှိ စျေးနဲ့ နေအိမ်တွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #မြစ်ခြေ #ပခုက္ကူ

Related Articles

Back to top button