
အီသာရမ်/MFP၊ ဇွန် – ၉
မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေအဖြစ် လုပ်ကိုင်နေတဲ့ သားအဖ နှစ်ယောက်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ဖမ်းဆီးချိန် အသာတကြည် အဖမ်းမခံဘဲ ထွက်ပြေး တာကြောင့် ပစ်ခတ်သုတ်သင်ခဲ့တယ်လို့ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေစကြို-ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
ရေစကြိုမြို့၊ အမှတ်-၄ ရပ်ကွက်ရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဖအေနဲ့ သားဖြစ်သူ ပျူစောထီးတို့ဟာ လူငယ်တွေကို ပေါ်တာဆွဲတာ၊ ဒေသတွင်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ချိန်တွေမှာ ပါဝင်ကျူးလွန်နေသူတွေ ဖြစ်တာကြောင့် ဇွန်လ ၈ ရက် ညပိုင်း ရေစကြို ပကဖ ရဲဘော်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အသာတကြည် အဖမ်းမခံတာကြောင့် ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
“အုပ်ချုပ်ရေးမှူးက ပေါ်တာဆွဲတာတွေ၊ လူရှာတာတွေ အတင်းအဓမ္မ စုဆောင်းတာတွေ လုပ်တယ်၊ နောက်ပြီးတော့ သားဖြစ်သူက လက်နက်ကိုင်တယ်၊ ပျူစောထီးပေါ့နော။ အရင်ကတော့ ရုံးပေါင်းစုံနဲ့ စစ်မှူထမ်းဟောင်း ရုံးတွေမှာ နေတယ်ပေါ့နော်။ အခုကတော့ နေအိမ်ပြန်ရောက်တုန်း သားအဖ နှစ်ယောက်လုံး ရှိတဲ့အချိန် အရှင်ဖမ်းတာပေါ့နော်၊ အသာတကြည် အဖမ်းမခံဘဲ ထွက်ပြေးလို့ လိုက်လံ ဖမ်းဆီးပြီး နေရာမှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တာပါ” လို့ ရေစကြို ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သူတို့ ကိုင်ဆောင်ထားတဲ့ ဖုန်းနှစ်လုံးကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့ပေါ်က စစ်အုပ်စုနဲ့ဆက်ဆံပေါင်းသင်းနေတဲ့ စစ်အုပ်စု ထောက်တိုင်တွေကိုလည်း ဆက်လက်ပြီး ထိရောက်အောင် အပြစ်ပေးအရေးယူမယ်လို့ ရေစကြို ပကဖ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ရေစကြိုမြို့နယ်ရှိ လူငယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေသလို စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကာလ ၂၀၂၅ နှစ်ကုန်ပိုင်းက စတင်ကာ ရေစကြိုနယ်ထဲ လနဲ့ချီကြာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



