မကွေးသတင်း

မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်၊စစ်အုပ်စုဝင် နှစ်ယောက် သေဆုံးကာ ၁၄ယောက် အရှင်ဖမ်းမိ

‌အီသာရမ်/MFP၊ ဇွန် – ၁၀

ပုဂံမြို့ တစ်ဖက်ကမ်းက ပခုက္ကူမြို့နယ် မြစ်ခြေတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီး စစ်အုပ်စုဘက်က နှစ်ယောက်သေဆုံးကာ ၁၄ ယောက်ကို အရှင်ဖမ်းမိထားပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇွန်လ ၁၀ ရက် ဒီကနေ့မနက် ၄ နာရီဝန်းကျင်မှာ မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်နာရီခန့်အကြာမှာပဲ သိမ်းပိုက်နိုင်ခဲ့ကာ စစ်အုပ်စုဝင် နှစ်ယောက်သေဆုံးပြီး ၁၄ ယောက်က လက်နက်ချ အညံခံ့ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုရဲစခန်းက လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့ပြီး G-3 အမျိုးအစားသေနတ် ၁၈ လက်၊ ၇၉ အမျိုးအစားတစ်လက်၊ခြောက်လုံးပြူးအမျိုးအစားသေနတ် နှစ်လက်၊၆၀ မမ လက်နက်ကြီးစိန်ပြောင်းအမျိုးအစား တစ်လက် နဲ့ ကျည်အမျိုးအစားအစုံ ၁၉၀၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ဖမ်းမိခဲ့တဲ့ စစ်အုပ်စုသုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ စိစစ်ဖော်ထုတ်ကာ စစ်တရားရုံးတင် စစ်ဆေးအရေးယူသွားမယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေတစ်လလုံးနီးပါး မြစ်ခြေမြို့နဲ့ ပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်တာတွေလုပ်ခဲ့ပြီး မြစ်ခြေမြိုနဲ့ ဆွဲကြီးကျေးရွာတို့က ဒေသခံပြည်သူ ၄၀ ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားခဲ့သလို မြစ်​ခြေ​စျေးအပါအဝင် နေအိမ်(၁၀၀၀)ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်က မြစ်ခြေရဲစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ရာဇဝတ်မှူကျူးလွန်ခဲ့တဲ့ စစ်အုပ်စုတွေကို လက်တုံ့ပြန် တိုက်ခိုက်ချေမှုန်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇွန်လ (၁၀)ရက်နေ့မနက်ပိုင်းက မြစ်ခြေတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်/ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF

Related Articles

Back to top button