မကွေးသတင်းအညာမြေ တော်လှန်ရေး

Operation Su စစ်ဆင်ရေးအဖြစ် ပေါက်နယ် ပျူစခန်းနဲ့ ရဲစခန်းတို့ကို သိမ်းပိုက်၊

သုံ့ပန်း ၅၀ ကျော် ဖမ်းမိကာ လက်နက် ၅၀ ကျော် ရပြီး ပြည်သူ ၂၀၀ ကျော် ကယ်ထုတ်နိုင်၊

​ Phoenix/MFP၊ ဇွန် – ၁၀

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆင်နွှဲတဲ့ “Operation Su” စစ်ဆင်ရေးမှာ ​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ အာဏာသိမ်း စစ်အုပ်စုရဲ့ ရေပြာရွာ ရဲစခန်းနဲ့ ကုက္ကိုစုရွာ ပျူစောထီး စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး သုံ့ပန်း ၅၀ ကျော် ဖမ်းမိကာ လက်နက် ၅၀ ကျော် သိမ်းဆည်း ရရှိခဲ့တယ်လို့ စစ်ဆင်ရေး ဆင်နွှဲခဲ့တဲ့ တော်လှန်ရေးတပ်တွေက သတင်း ထုတ်ပြန်ပါတယ်။

“Operation Su” စစ်ဆင်ရေးအဖြစ် ဇွန်လ ၂ ရက် မနက် ၄ နာရီခွဲမှာ ရေပြာရဲစခန်းနဲ့ ကုက္ကိုစု ပျူစောထီးစခန်း နှစ်ခုလုံးကို တပြိုင်တည်း စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်နေချိန် စစ်အုပ်စုက အကြိမ် ၈၀ ထက်မနည်း လေကြောင်းပစ်ကူခဲ့ပေမဲ့ ဇွန်လ ၂ ရက် နေ့လယ်ခင်းမှာ ရေပြာ ရဲစခန်းနဲ့ ဇွန်လ ၄ ရက် ညနေပိုင်းမှာ ကုက္ကိုစုပျူစခန်းတို့ကို အောင်မြင်စွာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်ဆင်ရေးအတွင်း ရန်သူ့ဆီကနေ လက်နက်ငယ် ၅၅ လက်၊ လက်နက်ကြီး လေးလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်း ရမိသလို စစ်သုံ့ပန်း ၅၀ ကျော်ကိုလည်း ဖမ်းဆီးရမိတယ်လို့  မကွေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway-PDF) က ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အုပ်စုက လူသားတံတိုင်းအဖြစ် အတင်းအဓမ္မ ခိုင်းစေထားတဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၂၀၀ ကျော်ကိုလည်း ဘေးကင်းကင်းနဲ့ ကယ်တင်နိုင်ခဲ့ပြီး လက်ရှိမှာ ကောင်းကောင်းမွန်မွန် စောင့်ရှောက် ထားတယ်လို့ Magway PDF က ဆိုပါတယ်။

ကုက္ကိုစုရွာရှိ ပျူစောထီးတွေဟာ ကျေးရွာဘုန်းကြီးကျောင်းထဲမှာ စခန်းဖွင့်ထားပြီး ဘုရားထဲမှာ ဘန်ကာဆောက် ခံစစ်ပြင်ထားတာ ဖြစ်တယ်လို့ ပေါက်မြို့နယ် ပကဖ ကလည်း ထုတ်ပြန်ပါတယ်။

​ဒီစစ်ဆင်ရေးကို Magway PDF၊ ပခုက္ကူခရိုင် ပကဖ ၊ KG တပ်ဖွဲ့ ၊ ပေါက်ပကဖ တပ်ရင်း ၊ BLY တပ်ဖွဲ့ ၊ မြိုင်ပကဖ ၊ YRF တပ်ဖွဲ့ ၊ ပခုက္ကူခရိုင် PDF တပ်ရင်းတွေ ဖြစ်တဲ့ အမှတ် ( ၂ /၆/၇ /၁၂ /၁၄/၁၇ / ၁၈ )၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေး စစ်ကြောင်းတွေ၊ ပခုက္ကူ ပကဖ၊ ကမ္မတပ်ပေါင်းစု+ပြည်သူ့လုံခြုံရေး အင်အားစု (ကမ္မ)၊ PLC တပ်ပေါင်းစု ၊ အညာမြေတပ်‌ပေါင်းစု ၊ PDO/PDA တပ် ၊ မကွေးတိုင်း လှုပ်ရှားစစ်ကြောင်း အမှတ် ၄ ၊ ပေါက်မြို့နယ် ဆေးတပ်ဖွဲ့ ၊ ပေါက်မြို့နယ် ပအဖနဲ့ တော်လှန်ပြည်သူတွေ စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ MOD ပကဖ ရုံးချုပ်နဲ့ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီးရဲ့ လမ်းညွှန်ပူးပေါင်းကူညီမှုတွေလည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“Operation Su” စစ်ဆင်ရေးအဖြစ် တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရေပြာရွာ ရဲစခန်းနဲ့ ကုက္ကိုစုရွာ ပျူစောထီး စခန်းတွေဟာ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော် ခေါ် အရိယာဝံသ ဆိုသူက လက်နက်နဲ့ လူအင်အား အပြည့်အစုံရှိတယ်လို့ ဂုဏ်ယူ ဝံ့ကြွားလေ့ရှိတဲ့ ပေါက်မြို့နယ်အတွင်းရှိ အရေးပါတဲ့ စစ်အုပ်စုရဲ့ စခန်းတွေ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ပုသိမ်-မုံရွာ လမ်းပေါ်မှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့ ရေပြာရွာရဲစခန်းနဲ့ ပျူအင်အားကောင်းတဲ့ ကုက္ကိုစု ပျူစခန်းတွေ  ကျဆုံးတာဟာ ပေါက်မြို့ အတွက်ပါ ရှုံးနိမ့်တာ ဖြစ်တယ်လို့ သင်္ကန်းဝတ် ပျူစောထီး ခေါင်းဆောင် ပေါက်ကိုယ်တော် ဆိုသူကလည်း ပြောပါတယ်။

ပေါက်နယ် ကုက္ကိုစုရွာ ပျူစောထီးစခန်းနဲ့ ရေပြာရွာရဲစခန်း သိမ်းပိုက်စသ် ရရှိတဲ လက်နက်တွေ/Photo – အညာမြေတပ်ပေါင်းစု၊ Magway PDF၊ ပေါက် ပကဖ

MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#MFP #အညာ #မကွေး #ပေါက်နယ်

Related Articles

Back to top button