မြစ်ခြေရဲစခန်း သိမ်းပိုက်ခံရပြီးနောက် စစ်အုပ်စု စစ်ကြောင်း ပြန်ထိုး၊

စစ်အုပ်စုက ရန်ပြုသတ်ဖြတ်မှာကြောက်လို့ ပြည်သူတွေ မြို့လုံးကျွတ် ထွက်ပြေး၊
အီသာရမ်/MFP၊ ဇွန် – ၁၀
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ရှိ အာဏာသိမ်း စစ်အုပ်စု တိုက်နယ်ရဲစခန်းကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်အုပ်စုက ပုဂံ-ညောင်ဦးမြို့ကတဆင့် စစ်ကြောင်း ပြန်ထိုးလာလို့ ပြည်သူတွေ မြို့လုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ မေ ၁၀ရက်ကနေ ဇွန် ၂ရက်အထိ မြစ်ခြေမြို့ကို အကြောင်းမဲ့ စစ်ကြောင်းထိုးကာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၅၀ ဝန်းကျင်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ် စွန့်ပစ်ခဲ့သလို မြစ်ခြေမြို့စျေး အပါအဝင် အိမ်ခြေ ၁၀၀၀ ခန့် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်အုပ်စုက လက်နက်အားကိုးနဲ့ ပြည်သူကို ထင်တိုင်းကျဲ သတ်ဖြတ်၊ မီးရှို့တာကို တုန့်ပြန်တဲ့အနေနဲ့ တော်လှန်ရေးတပ်တွေက ဇွန် ၁၀ရက် ဒီကနေ့ မနက်ပိုင်း မြစ်ခြေရဲစခန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မြစ်ခြေရဲစခန်း တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံရပြီးနောက် နာရီပိုင်းအကြာမှာပဲ အာဏာသိမ်း စစ်အုပ်စုက အင်အား ၁၀၀ လောက်နဲ့ တန်ပြန် စစ်ကြောင်းထိုးလာတာလို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
“မြို့အစွန်မှာပဲ ရှိသေးတယ်၊ မြို့ထဲတော့ မရောက်သေးဘူး၊ BBI ကနေ ကပ်ပြီး တက်လာတာပါ၊ မြို့ပေါ်က အကုန်ရှောင်နေကြရတာ၊ မနက် ၄နာရီခွဲ ကတည်းက”

မြစ်ခြေမြို့မှာ စစ်အုပ်စု အခြေပြုနေရာယူထားတဲ့ ရဲစခန်းအပြင် မြို့အစွန်မှာ စစ်အုပ်စုခန့်မှန်းအင်အား ၂၀၀ ခန့် အထိုင်ချတပ်စွဲနေတဲ့ မြင်းမွေးမြူရေးတပ် ဒေသအခေါ် BBI တပ်လည်း ရှိနေပြီး လက်ရှိမှာ စစ်အုပ်စုက ပုဂံ-ညောင်ဦးကတဆင့် အဲ့ဒီ BBI တပ်ဘက်ကနေ မြစ်ခြေမြို့ဆီ ဦးတည် စစ်ကြောင်းထိုး လာနေတာလို့ ဆိုပါတယ်။
စစ်အုပ်စုက မေလအတွင်း မြစ်ခြေမြို့ကို စီးနင်းသတ်ဖြတ်ချိန်မှာလည်း သောင်းချီတဲ့ မြို့ခံပြည်သူတွေ ထွက်ပြေးခဲ့ကြရပြီး လွတ်အောင်မပြေးနိုင်သူတွေ ဖမ်းဆီး၊သတ်ဖြတ်ခံခဲ့ရကာ ဇွန် ၂ရက်မှာ စစ်အုပ်စု မြို့ထဲက ပြန်ထွက်သွားပြီးနောက် ပြည်သူတချို့ မြို့တွင်း ပြန်လည် ဝင်ရောက်နေထိုင်ဖို့ ကြိုးစားချိန် ယခုလို တိုက်ပွဲ ဖြစ်ပွားမှုနဲ့ စစ်အုပ်စု စစ်ကြောင်း ထပ်တိုးလာလို့ မြို့လုံးကျွတ် ထွက်ပြေး ကြရပြန်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက်ပိုင်ူ မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေချိန် အာဏာသိမ်း စစ်အုပ်စုက ပုဂံမြို့ ဗူးဘုရားအနီးကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေနဲ့ မြစ်ခြေမြို့ကို ရမ်းကားပစ်ခတ်ခဲ့ပြီး မြစ်ခြေအရှေ့ဘက် အောင်သာပျူစောထီးစခန်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ မြစ်ခြေမြို့ခံတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မြစ်ခြေရဲစခန်း တိုက်ပွဲမှာ စစ်အုပ်စု နှစ်ယောက် သေပြီး ၁၄ ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိကာ သေနတ် ၁၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ထုတ်ပြန်ထားပါတယ်။

မြစ်ခြေရဲစခန်းကို တော်လှန်ရေး တပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့စဉ်/Photo – PDF
MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



