
ထင်လင်း၊ Phoenix / MFP ၊ ဇွန် – ၁၃
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF ရဲ့ စစ်ရေးဌာနကြီးမှူး ရဲဘော်မုန်တိုင်းနဲ့ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး ရဲဘော်နိုင်ကြီးတို့ကို ကောင်းမွန်စွာထိန်းသိမ်းထားပြီး စုံခုံဖွဲ့ စစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်ပါတယ်။
MDY-PDF စတင်ဖွဲ့စည်း တည်ထောင်ချိန်ကတည်းက ဦးဆောင်ပါဝင်ခဲ့ပြီး စစ်ဦးစီးအဖွဲ့ဝင်တွေဖြစ်ခဲ့ကြတဲ့ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို တပ်ဖွဲ့ပိုင်ဘဏ္ဍာငွေ အလွဲသုံးစားမှု အပါအဝင် ဥပဒေ၊ စည်းကမ်းဖောက်ဖျက်မှုစွပ်စွဲချက်တွေနဲ့ ၂၀၂၅ နိုဝင်ဘာမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန – MOD က ဖမ်းဆီးခဲ့တာဖြစ်ပြီး ခုနှစ်လအကြာ အခု ဇွန်လ ၁၃ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထွက်လာတာပါ။


အဖွဲ့ဝင်ငါးဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး(စုံ/ခုံ)ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ မေလ ၂၉ ရက်နေ့အထိ တိုင်ကြားသူ၊ တိုင်ကြားခံရသူ စုစုပေါင်း သက်သေ ၂၀ ဦးကို စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒီလိုစစ်ဆေးရာမှာ ရဲဘော်မုန်တိုင်းအနေနဲ့ လုပ်ထုံးလုပ်နည်းချိုးဖောက်တာ၊ လူမှုရေးဖောက်ပြန်တာ၊ ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းဇယားတွေကို ဖျက်ဆီးတာတွေ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရဲဘော်နိုင်ကြီးဟာ လုပ်ထုံးလုပ်နည်းနဲ့မကိုက်ညီဘဲ ရဲဘော်မုန်တိုင်းကို ရွှေတွေထုတ်ပေးလိုက်တဲ့ကိစ္စ၊ ထုတ်ပေးလိုက်တဲ့ရွှေတွေ ပြန်မရသေးဘူးဆိုတာကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။
ဒါပေမဲ့ MDY-PDF ရဲ့ စစ်ဦးစီးအဖွဲ့ဝင်ဟောင်း ကိုဖြိုးဆိုသူကတော့ ရွှေ ၁၄ ပိဿာကို ပြန်အပ်ထားတယ်လို့ ပြည်တွင်းသတင်းဌာနအချို့နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားတာ တွေ့ရပါတယ်။
NUG ရဲ့ ထုတ်ပြန်ချက်ပါ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ရဲဘော်မုန်တိုင်းရဲ့ မိသားစုဝင်တွေဘက်က သဘောထားကိုသိရဖို့လည်း MFP က မေးမြန်းထားဆဲဖြစ်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စစ်ဘက်ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရဲဘော်မုန်တိုင်းတို့ကို ဖမ်းဆီးထိန်းသိမ်းထားတာ ခုနှစ်လကြာခဲ့ပြီဖြစ်ပေမယ့် ဒီကနေ့အထိ ကာယကံရှင်မိသားစုနဲ့ ဧည့်တွေ့ခွင့်မပေးတဲ့အပေါ်လည်း မိသားစုဝင်တွေက ဝေဖန်၊ တောင်းဆိုနေကြပါတယ်။
ဧည့်တွေ့ခွင့်ကိစ္စနဲ့ပတ်သက်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က “မိသားစုအနေနဲ့ မိသားစုဖြစ်ကြောင်း အထောက်အထားနဲ့တကွ သက်ဆိုင်ရာကိုချိတ်ဆက်ပြီး တွေ့ဆုံခွင့်ပေးဖို့ တရားဝင်စာတင်ဖို့ လိုပါလိမ့်မယ်။ သင့်တော်တဲ့အချိန်ကျရင် စီစဉ်ပေးပါလိမ့်မယ်။” လို့ MFP ကို ပြောပါတယ်။
ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး တာဝန်ရပ်ဆိုင်း၊ လက်နက်ဖြုတ်သိမ်း၊ အချုပ်နဲ့ထိန်းသိမ်းခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ရဲဘော်မုန်တိုင်းတို့ကို ထောက်ခံတဲ့အသိုင်းအဝိုင်းကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက MDY-PDFရဲ့ ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ နိုဝင်ဘာ ၉ ရက်နေ့ဟာ ရဲဘော်မုန်တိုင်းတို့ကို ဖမ်းဆီးမှုမတိုင်ခင် ခြောက်ရက်အလိုဖြစ်ပါတယ်။
MDY-PDFဟာ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်ဒေသတွေမှာ TNLA အပါအဝင် မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လ.ပ.ခ)နဲ့ ရှစ်မိုင်အကွာလောက်အထိ ထိုးစစ်ဆင်နိုင်ခဲ့ကြပါတယ်။
ဒါ့အပြင် စဉ့်ကူးမြို့နယ်တစ်ခုလုံးနဲ့ သပိတ်ကျင်းမြို့နယ် တောင်ဘက်အခြမ်းက ရွှေတောနယ်မြေ၊ မတ္တရာမြို့နယ်ရဲ့မြောက်ခြမ်း၊ အရှေ့မြောက်၊ အရှေ့နဲ့ အရှေ့တောင်ဒေသတွေအပါအဝင် ပုသိမ်ကြီးမြို့နယ်အထဲက ဒေသတချို့အထိ ထိုးဖောက်နိုင်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်နှောင်းပိုင်း ရဲဘော်မုန်တိုင်းတို့ကိစ္စ ပြဿနာဖြစ်ချိန်မှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် မြေပြင်ထိုးစစ်တွေကြောင့် သိမ်းပိုက်ထားတဲ့မြို့တွေကို ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။
MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



