
အီသာရမ်/MFP၊ ဇွန် – ၁၈
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အနောက်ခြမ်း၊ ပခုက္ကူနဲ့မြိုင်နယ်အစပ်ရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ကမ္မမြို့ အပါအဝင် ကျေးရွာတွေကို စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇွန်လ ၁၂ ရက်မှာ ပခုက္ကူမြို့ စစ်အုပ်စုရဲ့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၀၁)ထဲက ထွက်လာတဲ့ စစ်အင်အား ၅၀၀ နဲ့ ကားအစီး ၂၀ ကျော်ပါ စစ်အုပ်စုဟာ ပခုက္ကူမြို့နယ် ကမ္မမြို့ကို စီးနင်းကာ နေအိမ်နဲ့ စျေးဆိုင်တွေ ဖောက်ထွင်း လုယက်ခိုးယူသလို အိုရင်းနဲ့ ဇီးတော ခေါ် မြဇီးတော ကျေးရွာတွေကိုလည်း စီးနင်းလုယက် မီးရှို့ဖျက်ဆီးတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ခိုးရာပါ ပစ္စည်းတွေနဲ့အတူ ပခုက္ကူမြို့နယ် တွင်းမရွာ ပျူစောထီးစခန်းမှာ အခြေပြုပြီးနောက် အနီးအနားရှိ ကျေးရွာတွေကို အဖွဲ့တွေခွဲကာ စီးနင်းလုယက်၊ မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၆ ရက်မှာ ပခုက္ကူနယ်၊ အိုရင်းကျေးရွာကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးပြီးနောက် ဇွန် ၁၇ရက်မှာ ဇီးတောကျေးရွာကို ဆက်လက် စီးနင်းလုယက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၂၀ ခန့်၊ ကားနဲ့ ဆိုင်ကယ်တွေ မီးလောင်ပြာကျတယ်လို့ ဆိုပါတယ်။


စစ်အုပ်စုဟာ ပခုက္ကူနယ် အနောက်ခြမ်းနဲ့ မြိုင်နယ်အစပ် ကျေးရွာတွေကို အင်အား ၁၀၀၀ လောက်နဲ့ သုံးဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေတာလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
“စစ်ကြောင်းက ဖြန့်ထားတာဗျ၊ တွင်းမအရှေ့ဘက်က အိုရင်းမှာ စစ်ကြောင်းတစ်ကြောင်း၊ အဲဒါအပြင် သစ်ပုလွေကုန်းမှာ စစ်ကြောင်းတစ်ကြောင်းနဲ့ စစ်ကြောင်းကို ကာထားတဲ့သဘောပေါ့”
စစ်အုပ်စု ရန်ကြောင့် ကမ္မမြို့ပေါ် ရပ်ကွက် ၁၂ ရပ်ကွက်ရှိ ဒေသခံပြည်သူသောင်းနဲ့ချီ မြို့လုံးကျွတ် ထွက်ပြေးနေရသလို မန်းကျည်းတန်း၊ ရေလာကြီး၊ ထန်းတပင်၊ ဝါးကျွန်းတွင်း၊ အိုရင်း၊ ဇီးတော၊ သံဘိုနဲ့ သစ်ပုလွေကုန်း စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။


ကမ္မမြို့တွင်း စစ်အုပ်စုက စျေးဆိုင်နဲ့ နေအိမ်တွေ ဖောက်ထွင်းလုယက် ခိုးယူရုံမက ဒေသခံပြည်သူ အမျိုးသားတွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ မြို့ပေါ်ကလည်း ဖမ်းခံရပြီး ခုထက်ထိ မလွတ်သေးတာလည်း ရှိတယ်၊ ငါးယောက်လောက် ဖမ်းခံရတာကို နှစ်ယောက်လောက် ပြန်မလွတ်သေးဘူး”
မေလ ၂၂ ရက်က မြိုင်နယ်တောင်ပိုင်းရှိ စစ်အုပ်စုရဲ့ အရေးပါတဲ့ သရက်ကန်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိမှာ စစ်အုပ်စုက အဲဒီ သရက်ကန်ရွာဘက် ဦးတည်စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
ဇွန် ၁၇ရက် မနေ့က ပခုက္ကူနဲ့ မြိုင်နယ်အစပ်ရှိ ပျူစောထီးစခန်းတွေဆီ ဦးတည် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေး တပ်တွေ ဇီးတောရွာအနီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီး စစ်အုပ်စု အထိနာတာကြောင့် ရဟတ်ယာဉ်နဲ့ အကြိမ် ၂၀ ကျော် လေကြောင်းပစ်ကူ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

ပခုက္ကူနဲ့ မြိုင်နယ်အစပ်၊ ဇီးတော ခေါ် မြဇီးတော ကျေးရွာကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ ဖျက်ဆီးခဲ့စဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #မြိုင် #ပခုက္ကူ



