
အီသာရမ်/MFP၊ ဇွန် – ၁၉
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တွင်းမပျူစောထီးစခန်းကနေ ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းတွေက ဒေသခံပြည်သူတစ်ဦးကို နောက်ပြန်ကြိုးတုပ်ကာ လည်လှီးသတ်ဖြတ်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။
ဇွန်လ ၁၆ ရက်နေ့က တွင်းမပျူစောထီးစခန်းကနေ ထွက်လာတဲ့ ပခုက္ကူတပ်မ ၁၀၁ နဲ့ ပျူစောထီးတွေပါလာတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ သာစည်ကျေးရွာအနီးက တောတိုက်ထဲမှာ စစ်ရှောင်နေတဲ့ သာစည်ကျေးရွာက အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့တာလို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စစ်ရှောင်ရင်းနဲ့ သူတဲကို ပြန်တဲ့အချိန်မှာ ခွေးတွေရောက်နှင့်ပြီး သူက အဖမ်းခံရတဲ့သဘော၊ တခြားအဖမ်းခံရတဲ့ သူတွေလည်းရှိတယ်။ သူကအသတ်ခံလိုက်ရတာပေါ့၊တဲမှာ ပစ္စည်းကျန်လို့ ပြန်ယူတာထင်တယ်၊စစ်ကြောင်းလာလို့ ရှောင်ကြပြုကြတဲ့အခါမှာ ပစ္စည်းကျန်လို့ ပြန်ယူတာမှာ အခုလို စစ်ကြောင်းနဲ့တွေ့ပြီး သတ်ခံရတဲ့သဘော” လို့သူက ရှင်းပြပါတယ်။

အဲဒီစစ်ကြောင်းနဲ့အတူ အရင်နေ့တွေက ပခုက္ကူနယ် အနောက်ခြမ်း ကမ္မမြို့က ဖမ်းဆီးခေါ်ဆောင်တဲ့ ပြည်သူတွေလည်း ပါလာတယ်လို့ ဆိုပါတယ်။ မြိုင်နယ်အတွင်းမှာ စစ်ကြောင်းဆက်ရှိနေသေးတာကြောင့် စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်မှု အသေးစိတ်ကို မသိရသေးဘဲ ပျောက်ဆုံးနေတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
အဲဒီစစ်အုပ်စုစစ်ကြောင်းဟာ ပခုက္ကူတပ်မ ၁၀၁ ကနေ ခန့်မှန်းအင်အား ၅၀၀ ခန့်နဲ့ မြိုင်နယ်တောင်ပိုင်းနဲ့ ပခုက္ကူနယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်နေတာ တစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်ပြီး ဒေသခံပြည်သူသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အဲဒီစစ်ကြောင်းက ကမ္မမြို့ပေါ်ဈေးက ပစ္စည်းတွေကို ခိုးယူဖောက်ထွင်းပြီး တွင်းမပျူစောထီးစခန်းကို ကားတန်းနဲ့ နှစ်ကြိမ်သယ်ယူပို့ဆောင်ခဲ့တာတွေလည်း လုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါ စစ်အုပ်စုစစ်ကြောင်းတွေဟာ တွင်းမပျူစောထီးစခန်း အနောက်ဘက်နဲ့ အရှေ့ဘက်တို့မှာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဆက်လက် စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။
တွင်းမပျူစောထီးစခန်းအရှေ့ဘက်က စစ်အုပ်စုစစ်ကြောင်းကတော့ မြဇီးတောကျေးရွာဘုန်းကြီးကျောင်းက ဇရပ်နှစ်ဆောင်အပါအဝင် ကျေးရွာအတွင်းက နေအိမ်အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်း အဲဒီစစ်အုပ်စုစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့ကတော့ အထိနာတဲ့ စစ်အုပ်စုဟာ တိုက်ပွဲအတွင်း သေဆုံးတဲ့ စစ်အုပ်စုဝင်တွေကို တွင်းမပျူစောထီးစခန်းကို ပြန်လည်ပို့ဆောင်ခဲ့ပြီး Mi17 အမျိုးအစား ရဟတ်ယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
မြိုင်မြို့နယ်အတွင်းမှာ စစ်အုပ်စုဟာ အင်အား ၁၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းသုံးကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ရှောင်တိမ်းနေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။
မြိုင်မြို့နယ် သာစည်ကျေးရွာက အသက်၆၃နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးကို စစ်အုပ်စုက လည်လှီးသတ်ဖြတ် မြေမြုပ်သွားစဉ်/ ဓာတ်ပုံ-ပေးပို့
MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



