မန္တလေးမြို့ပေါ် ပန်းသည်တွေထံကနေ နှင်းဆီပန်းအနီရောင်မှန်သမျှ စစ်အုပ်စု လိုက်ဖမ်း၊ နှင်းဆီပန်းရောင်းချခွင့် သုံးရက်ပိတ်ပင်၊

ထင်လင်း/MFP၊ ဇွန် – ၁၉
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်သူလူထုကြား နှင်းဆီပန်း ပန်ဆင်နေကြချိန် အာဏာသိမ်း စစ်အုပ်စုက မန္တလေးမြို့ပေါ်ရှိ ပန်းစျေးသည်တွေ ရောင်းချသမျှ နှင်းဆီပန်း အနီတွေကို ဇွန်လ ၁၉ ရက် ဒီကနေ့ မနက်အစောပိုင်း ကတည်းက အင်အားသုံး လိုက်လံ ဖမ်းဆီးနေတယ်လို့ မန္တလေးမြို့ခံတွေက MFP ကို ပြောပါတယ်။
မန္တလေးမြို့ပေါ်ရှိ စျေးတိုင်းကို စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီး၊ စည်ပင်၊ အရပ်ဝတ်တွေက လိုက်လံ ဖမ်းဆီးနေတာ ဖြစ်ပြီး ပန်းစျေးသည်တွေ အနေနဲ့ နှင်းဆီပန်းအနီတွေကို ဝှက်ပြီး ရောင်းချနေရတယ်လို့ ပန်းသယ်တွေက ပြောပါတယ်။
“နှင်းဆီပန်းတွေ ဖမ်းတယ်၊ နှင်းဆီပန်းကို အနီရောင်မှ သိမ်းတာတဲ့၊ အနီမှန်သမျှ အကုန်သိမ်း၊ ကျန်တဲ့ အရောင် ရောင်းခွင့်ပြုတယ်တဲ့”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုက နှင်းဆီပန်းအနီတွေ အတင်းအဓမ္မ လိုက်လံ ဖမ်းဆီးနေတာကြောင့် လက်ပွေ့ရောင်းချတဲ့ ပန်းစျေးသည်လေးတွေကအစ အခက်အခဲ ဖြစ်ကုန်တယ်လို့ ပန်းသည်တွေက ပြောပါတယ်။

မန္တလေးမြို့တွင်းရှိ စျေးတွေက ပန်းသည်တွေတင်မက မန္တလေး-ပြင်ဦးလွင် လမ်းကြောပေါ်ရှိ သန့်စင်ကုန်း ပန်းစျေးကြီး အတွင်းမှာလည်း စစ်အုပ်စု လက်ပါးစေတွေက လိုက်လံစောင့်ကြပ်ကာ နှင်းဆီပန်းအနီ မရောင်းချဖို့ တားမြစ်ထားတယ်လို့ ပန်းရောင်းချသူတွေက ပြောပါတယ်။
“စျေးထဲကို မနေ့ညနေထဲက မရောင်းရဘူးဆိုပြီး လာပိတ်သွားတာတဲ့၊ မနက်ကလည်း ရဲကားနှစ်စီးနဲ့ စျေးကြီးထဲကို ပတ်နေတာ၊ ဒီနေ့ တစ်ရက်ထဲတော့ မဟုတ်ဘူးတဲ့၊ ၁၉-၂၀ နှစ်ရက်တဲ့၊ နှင်းဆီပန်းကို မှောင်ခို ရောင်းနေရတယ်၊ လူတစ်ယောက်လုံးကြီး ချုပ်ထားတာတောင် ပန်းလေးတွေကို ကြောက်နေကြတာ၊ လူတစ်ယောက်လုံးလည်း ဆွဲဖမ်းထားတယ်၊ ဂန်းကြီးတွေ (သေနတ်) ကိုင်ပြီး ပန်းတွေ ကြောက်နေတာ” လို့ ပန်းရောင်းချသူတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့ပေါ် စျေးတွေမှာ နှင်းဆီပန်းအနီ ရောင်းချတာကို ဇွန်လ ၁၈ရက်ကနေ ဇွန်လ ၂၀ ရက်အထိ တားမြစ်ထားပြီး စစ်အုပ်စုက တရားဝင် မကြေညာပေမဲ့ စျေးသည်တွေကို လိုက်လံခြိမ်းခြောက် ပိတ်ပင်ထားတာလို့ ပန်းစျေးသည်တွေက ပြောပါတယ်။
စစ်အုပ်စုရဲ့ ခြိမ်းခြောက်ပိတ်ပင်မှုကြောင့် မနေ့ကတည်းက နှင်းဆီပန်းအရောင်း ရပ်နားထားရသလို နှင်းဆီပန်းစိုက် ခြံတောင်သူတွေထံက ပန်းအဝင်ပါ ရပ်နားခိုင်းထားရပြီး ပြင်ဦးလွင်ဘက်က ပန်းသည်တွေလည်း ဆင်းမရောင်းရဲ၊ မသယ်ရဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးထောင်ချထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့် မွေးနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နှင်းဆီ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

ဒါပေမယ့် စစ်အုပ်စု ကြီးစိုးထားတဲ့ ဒေသတွေမှာတော့ ပြည်သူတွေ အနေနဲ့ နှင်းဆီလှုပ်ရှားမှုကို မြင်သာအောင် ပါဝင်လှုပ်ရှားခြင်း မပြုကြဖို့နဲ့ စစ်အုပ်စုရဲ့ ဖမ်းဆီး အရေးယူမှုတွေကို အထူး ဂရုစိုက်ကြဖို့ကိုလည်း တော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် အာဏာသိမ်းစဉ် အချိန်ကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးကာ အမှုဆင်ထောင်ချထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက ဖမ်းဆီးထားစဉ်အတွင်း သတ်ဖြတ်၊ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြဖို့ သားဖြစ်သူ အပါအဝင် ပြည်သူအများအပြားက တောင်းဆိုတဲ့ Proof of life လှုပ်ရှားမှုကိုလည်း မြန်မာနိုင်ငံသာမက ကမ္ဘာတဝန်း ပြုလုပ်နေကြပါတယ်။

၂၀၂၅ ဒီဇင်ဘာလက မန္တလေးစျေးချိုတော်အနီး တော်လှန်ရေး အင်အားစုတွေ ဆန္ဒပြပြီးနောက် စစ်အုပ်စုက စျေးဆိုင်တွေကို လိုက်လံ ဖျက်ဆီးနေစဉ်/Photo -စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #ဒေါ်အောင်ဆန်းစုကြည် #နှင်းဆီလှုပ်ရှားမှု



