
ကျီးညို/MFP၊ဇွန်-၂၀
မကွေးတိုင်း၊ ပေါက်မြို့နယ်အနောက်တောင်ခြမ်းရှိ ဂွေးဂုံကျေးရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ အမျိုးသားတစ်ဦးသေဆုံးပြီး ၊သူ့ရဲ့ မိန်းမနဲ့ ကလေးဖြစ်သူ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဇွန်လ ၁၉ရက်နေ့ ညနေ ငါးနာရီ ဝန်းကျင် မှာ ပေါက်နယ် ကျောချောင်းအနောက်ဘက်ကမ်းက ချောင်းကူးစစ်အုပ်စု အထိုင်စခန်းကနေ ဒရုန်းတစ်စီး လွှတ်တင်ကာ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက MFPကို ပြောပါတယ်။




“ချောင်းကူးစခန်းကနေ ဒရုန်းတက်လာပြီး ချသွားတာဗျ။ ဒီနယ်အနီးဝန်းကျင်မှာ စစ်ကြောင်းတွေ ရောက်နေတာ မှန်ပေမယ့် အခုတိုက်ခိုက်ခံရတဲ့ ရွာတွေအနီးတော့ မဟုတ်ဘူးဗျ။ အခုက ဘာမှမရှိဘဲ လာချသွားတာ” လို့ ဆိုပါတယ်။
အဆိုပါ ဗုံးသီးဟာ ဂွေးဂုံကျေးရွာက နေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး နေအိမ်အတွင်းက အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး မိန်းမနဲ့ကလေးက ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာပါ။
အဲဒီနေရာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်အုပ်စုက ပြည်သူတွေနေထိုင်တဲ့ ကျေးရွာအတွင်းကို ရည်ရွယ်ချက်ရှိရှိ ကြဲချတိုက်ခိုက်သွားတာလို့ ဂွေးဂုံရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ရဲဘော်တွေရှိတဲ့နားချတာမဟုတ်ဘဲ။ နောက်ထဲက ရွာကို ချသွားတာ။ စစ်ကြောင်းလည်းမရှိပါဘူး ဒီအတိုင်းချသွားတာ” လို့ သူကဆိုပါတယ်။
ချောင်းကူးကျေးရွာဟာ ပေါက်မြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ- ၂၄ ရဲ့ ရှေ့တန်းကင်းစခန်းသဖွယ် ဖြစ်ပြီး ရွာရဲ့ ကျောချောင်းတဖက်ကမ်းမှာ တော်လှန်ရေးတပ်တွေက နယ်မြေစိုးမိုးထားတာလည်းဖြစ်ပါတယ်။
ဆိပ်ဖြူနယ်နဲ့ ပေါက်မြို့နယ် အစပ်က ကပစ ၂၂မှာ စစ်အုပ်စု ခန့်မှန်းအင်အား ၅၀၀ ခန့်ရှိနေပြီး လက်ရှိအချိန်မှာတော့ စစ်ကြောင်းဘယ်ကို ထိုးမယ်ဆိုတာ မသိရသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
လက်ရှိအချိန်မှာ မကွေးတိုင်းအတွင်းက မြိုင်၊ ပေါက်၊ မြစ်ခြေနဲ့ ကမ္မဒေသတွေကို စစ်အုပ်စုက အင်အားထောင်ချီနဲ့ ဖြန့်ခွဲပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူ နှစ်သောင်းဝန်းကျင်ဟာ ဘေးလွတ်ရာကို စစ်ရှောင်နေကြရပြီး အစားအသောက်၊အမိုးအကာနဲ့ ဆေးဝါးစတာတွေ လိုအပ်နေတယ်လို့ ဒေသတွင်း အကူအညီပေးနေသူတွေက ပြောပါတယ်။
ဇွန်လ ၁၉ရက်နေ့က ပေါက်မြို့နယ် အနောက်တောင်ခြမ်းက ဂွေးဂုံကျေးရွာကို စစ်အုပ်စု ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်သွားစဉ်/ဓာတ်ပုံ-ဒေသခံ



