
အီသာရမ်/MFP၊ ဇွန် – ၂၂
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းကို ရောက်ရှိနေတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ဒေသခံပြည်သူ ငါးဦးကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကထွက်လာတဲ့ ခန့်မှန်းအင်အား ၃၅၀ လောက်ရှိတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ မေလ ၁၂ ရက်နေ့ကတည်းက မြိုင်မြို့နယ်တောင်ပိုင်းကိုရောက်ရှိလာပြီး တွင်းမရွာပျူစောထီးစခန်းကို ရိက္ခာပို့ဆောင်သလို အနီးကကျေးရွာတွေကို စစ်ကြောင်းထိုးနေတာပါ။
စစ်ကြောင်းဟာ ဇွန်လ ၁၆ ရက်နေ့မှာ သာစည်ကျေးရွာက အသက် ၆၃ နှစ်အရွယ် စစ်ဘေးရှောင်ပြည်သူတစ်ဦး၊ နှမ်းဆီကန်ကျေးရွာက အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး၊ မြေရင့်ကျေးရွာက အမျိုးသားတစ်ဦးနဲ့ မိတ္ထိလာကျေးရွာက အမျိုသားနှစ်ဦးတို့ကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
“သာစည်နဲ့နှမ်းဆီကန်က အသတ်ခံရတာ ရှေ့ရက်နောက်ရက်ပဲ။ ပြီးတော့ မြေရင့်က တစ်ယောက်ကလည်း ရွာထဲမှာ အသတ်ခံလိုက်ရတာ။ သတ်ပြီး လွယ်လွယ်မတွေ့နိုင်မယ့်နေရာမှာ ထားခဲ့တာပေါ့။ ပေါင်မှာလည်း သေနတ်ဒဏ်ရာတွေ့တယ်။ မိတ္ထိလာက နှစ်ယောက်ကလည်း မရှောင်ဘဲနေတာ ရွာထဲမှာ အသတ်ခံလိုက်ရတယ်” လို့ ဒေသခံက ပြောပါတယ်။
စစ်အုပ်စုစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ နေ့စဉ် ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုဘက်က အကျအဆုံးများသလို သိမ်းဆည်းရမိတဲ့ ခဲယမ်းတွေလည်းရှိတယ်လို့လည်း ဆိုကြပါတယ်။

“မြေမြှုပ်ခံရတာတွေ၊ မီးရှို့ခဲ့တာတွေရော ပေါင်းရင် ၅၀ လောက်တော့သေလောက်ပြီ။ စိုတောနားမှာ မြေမြှုပ်ခဲ့တာနဲ့ တဲထဲမှာမီးရှိူ့ခဲ့တာလည်း ရှိတယ်” လို့ ဒေသခံတက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုစစ်ကြောင်းနှစ်ကြောင်းဟာ ကိုင်းတောမကျေးရွာနဲ့ အနီးအနားကကျေးရွာတွေကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်သုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေသလို ချောင်းနားတိုက်ကျေးရွာနဲ့ မိတ္ထိလာကျေးရွာတို့က နေအိမ်တချို့လည်း မီးလောင်ပျက်စီးထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မြိုင်မြို့နယ်က ဒေသခံပြည်သူ သောင်းနဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုသတ်ဖြတ်သွားတဲ့ နှင်းဆီကန်ရွာနဲ့ သာစည်ရွာက စစ်ရှောင်ပြည်သူ/ ဓာတ်ပုံ – ဒေသခံ(ပေးပို့)



