မကွေးသတင်း

ရဟတ်ယာဉ်ဖောက်ခွဲခံရပြီးနောက် မြိုင်နယ်ကို စစ်အင်အားတိုးပြီး လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာ

‌အီသာရမ်/MFP၊ ဇွန် – ၂၄

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးထားတဲ့ Mi17 ရဟတ်ယာဉ်ရှိရာ တွင်းမပျူစောထီးစခန်းကို စစ်အုပ်စုက အင်အားဖြည့်ပြီး ဝင်ရောက်လာသလို အနီးက ကျေးရွာတွေကိုလည်း လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မြိုင်နယ်တောင်ပိုင်း တွင်းမပျူစောထီးစခန်းမှာ ရောက်ရှိနေတဲ့ စစ်အုပ်စုစစ်ကြောင်းက ဒဏ်ရာရသူတွေကို သယ်ဆောင်ဖို့ ဆင်းသက်ထားတဲ့ Mi17 အမျိုးအစားရဟတ်ယာဉ်ကို ဇွန်လ ၂၃ ရက်နေ့ နေ့လည် ၃ နာရီခန့်က တော်လှန်ရေးတပ်တွေက FPV ဒရုန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်အုပ်စုဟာ ဒီလိုတိုက်ခိုက်ခံရပြီး ညနေပိုင်းမှာ တပ်မ ၁၀၁ ကနေ ခန့်မှန်းအင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထွက်လာခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ တွင်းမပျူစောထီးစခန်းကို ရောက်ရှိနေပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

“စစ်ကြောင်းက ကမ္မကနေ တွင်းမထိရောက်ပြီ ပြောရမှာပေါ့၊Mi17 ကို ပြန်သယ်မလားမသိဘူး၊ အနီးအနားရွာတွေလည်း စစ်ကြောင်းထိုးနိုင်တယ်” လို့ သူကဆိုပါတယ်။

စစ်အုပ်စုရဲ့ ရဟတ်ယာဉ်ပျက်ဟာ တွင်းမပျူစောထီးစခန်း အနီးမှာပဲ ရှိနေသေးပြီး အင်ဂျင်နဲ့ အဆင်းအတက်လုပ်တဲ့ ဘီးတွေ ထိခိုက်ပျက်စီးသွားတာကြောင့် ပျံသန်းလို့ မရတော့ဘဲ စစ်အုပ်စုစစ်ကြောင်းက ကားတွေနဲ့ ပြန်လည်သယ်ယူနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

အဆိုပါ ရဟတ်ယာဉ်တိုက်ခိုက်ခံရပြီးနောက်မှာပဲ စစ်အုပ်စုက Y12 အမျိုးအစားလေယာဉ်၊Mi35 ရဟတ်ယာဉ်တွေ အပါအဝင် တိုက်လေယာဉ်တွေနဲ့ပါ ညလုံးပေါက် ဗုံးကြဲခဲ့ပြီး ဒီနေ့မနက်မှာလည်း Y12 နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနီးအနားကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျေးရွာတွေအတွင်းက နေအိမ်တွေ ထိခိုက်ပျက်စီး‌ မီးလောင်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တွင်းမပျူစောထီးစခန်းမှာ ထပ်မံရောက်ရှိလာတဲ့ စစ်အင်အားနဲ့ပေါင်းရင် စုစုပေါင်း ခန့်မှန်းအင်အား ၅၀၀ ဝန်းကျင် ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဲဒီစစ်အုပ်စုစစ်ကြောင်းတွေက တွင်းမပျူစောထီးစခန်းအနီးက ကျေးရွာတွေကို ဆက်လက် စစ်ကြောင်းထိုးမွှေနှောက် ဖျက်ဆီးနိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းသတိရှိကြဖို့နဲ့ ဘေးလွတ်ရာကို ရှောင်ရှားထားကြဖို့ တော်လှန်ရေးတပ်တွေက သတိပေး ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၂ ရက်နေ့ကလည်း တွင်းမပျူစောထီးစခန်းက ထွက်လာတဲ့ စစ်အုပ်စုဟာ အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံပြည်သူ ငါး‌ဦးကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်။

ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းက တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုရဲ့ ရဟတ်ယာဉ်/ ဓာတ်ပုံ- MGY-PDF

Related Articles

Back to top button