
Phoenix/MFP ၊ ဇူလိုင် – ၁
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စကုမြို့နယ် မဲချောင်ရွာကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာခံပြည်သူ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတွေ အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇွန်လ ၃၀ ရက် ညနေ ၅ နာရီခွဲကျော်အချိန် မကွေးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ မဲချောင်ရွာပေါ်ကို စစ်အုပ်စုက ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မဲချောင်ရွာဟာ မန်းချောင်းအနောက်ဘက်မှာ တည်ရှိပြီး ပြီးခဲ့တဲ့ လတွေက မန်းချောင်းအနီး စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးပေမယ့် လက်ရှိမှာ မဲချောင်ရွာအနီး တိုက်ပွဲဖြစ်ပွားတာ မရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေလည်း လှုပ်ရှားနေတာ မရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ ရွာပေါ် ဗုံးကြဲသတ်တာ ဖြစ်တယ်လို့ မင်းဘူးခရိုင် PDF အမှတ် (၆) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
” ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်ကြဖို့ ပြောချင်ပါတယ်” လို့ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်း တာဝန်ရှိသူက ဆိုပါတယ်။

မင်းဘူး၊ စကုဒေသ မန်းချောင်းဟာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်ရိုးမဒေသ၊ ငဖဲနယ်ရှိ နတ်ရေကန်စစ်စခန်းနဲ့ ဆက်စပ်နေတဲ့ ဒေသဖြစ်ပြီး စစ်အုပ်စုက မင်းဘူးနယ်ထဲ နယ်မြေစိုးမိုးနိုင်ဖို့ မန်းချောင်းတလျှောက် မြေပြင်စစ်ကြောင်းထိုးဖို့ ကြိုးစားတာ ရှိသလို မကြာခဏ ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ရခိုင်ရိုးမ၊ အမ်း-ပဒါန်းလမ်းမပေါ်ရှိ စစ်အုပ်စုရဲ့ နတ်ရေကန်တောင် ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်တွေက ၂၀၂၄ နှစ်ကုန်ပိုင်းက စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နတ်ရေကန်တောင် ဗျူဟာကုန်းရဲ့ ကာကင်းစခန်း အားလုံးနီးပါးကို AA နဲ့ မဟာမိတ် တပ်တွေက သိမ်းပိုက်ရရှိထားကာ ဗျူဟာကုန်း တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ဝိုင်းပတ် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ နတ်ရေကန် မကျရေးအတွက် ပေါ်တာဆွဲ စစ်သားသစ်တွေကို အသေခံခိုင်းကာ ခုခံကာကွယ်နေသလို AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ဝိုင်းပတ် ပိတ်ဆို့ခံထားရတဲ့ နတ်ရေကန်တောင် ဗျူဟာစခန်းဘက် စစ်ကူပေးနိုင်ရေးနဲ့ ဒေသတွင်း နယ်မြေစိုးမိုးနိုင်ရေးအတွက် ငဖဲနယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်းထဲက မြို့၊ရွာတွေကိုပါ စစ်ကြောင်းထိုးတာ၊ ရွာမီးရှို့တာ၊ လူသတ်လုယက်တာ၊ ဗုံးကြဲတာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းနဲ့ ဧပြီလဆန်းပိုင်းမှာလည်း မင်းဘူး (စကု) မြို့နယ်၊ မန်းချောင်း အနောက်ဘက်တကြောကို အာဏာသိမ်း စစ်အုပ်စုက စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ ခြောက်ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်အုပ်စု ၁၀ ယောက်ထက်မနည်း သေတာကြောင့် နောက်ပြန်ဆုတ်သွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၆တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

မင်းဘူး၊ စကုမြို့နယ်မှာ ဇွန် ၃၀ရက် ညနေပိုင်း အာဏာသိမ်း စစ်အုပ်စုက ရွာပေါ် ဗုံးကြဲလို့ ထိမှန်သေဆုံးတဲ့ ပြည်သူတစ်ဦး/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #မကွေး #မင်းဘူး #မန်းချောင်း



