မကွေးသတင်း

မကွေး ချောက်မှာ ရွာမီးရှို့၊ လူသတ်၊ လုယက်တဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ ၁၀ ယောက် သုတ်သင်နိုင်၊

စစ်အုပ်စုက ပြည်သူ တစ်ဦးကို သတ်ဖြတ်၊ ကျေးရွာ လေးရွာ မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်း ဆက်ထိုးနေ၊

Phoenix/MFP ၊ ဇူလိုင် – ၂

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အာဏာသိမ်း စစ်အုပ်စုကို ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၁၀ ယောက်ကို သုတ်သင်နိုင်ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ တော်လှန်ရေးတပ်တွေက သတင်း ထုတ်ပြန်ပါတယ်။

ဇွန် ၂၃ရက်ကနေ ၂၇ရက်အတွင်း ချောင်မြို့နယ်ထဲ စစ်ကြောင်းထိုးကာ ရွာမီးရှို့နေတဲ့ စစ်အုပ်စုကို မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်စစ်ဌာန စုဖွဲ့မှုစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၁၀ ယောက် သေပြီး ဒရုန်းတစ်စီးလည်း ဖျက်ဆီးနိုင်ခဲ့သလို MA-1 တစ်လက်၊ MA-4 တစ်လက်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းပိုက်ရရှိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်က ဇူလိုင် ၁ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

ဇွန် ၂၃ရက်က ချောက်မြို့ရှိ စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း (ခလရ) ၁၃ ထဲက ထွက်လာပြီး ရွာစဉ်ပတ်မွှေ ဖောက်ထွင်းလုယက်နေတဲ့ စစ်အုပ်စုကို ဇောင်းတောကန်ကျေးရွာအနီး ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ငါးယောက် သေပြီး ဒရုန်းတစ်စီး ဖျက်ဆီးနိုင်ခဲ့သလို ဇူလိုင် ၂၆ရက်မှာလည်း ချောက်မြို့နယ် လေးပင်ကုန်းကျေးရွာကို စီးနင်းလုယက်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဇွန် ၂၇ရက်မှာ ချောက်မြို့နယ်ထဲ စစ်ကူဝင်ရောက်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ ငါးယောက် သေတယ်လို့ PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။

ချောက်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ တိုက်ပွဲမှာ အထိနာ အသေများပြီးနောက် ဒေသခံပြည်သူ တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သလို ကျေးရွာ လေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ ချောက်မြို့နယ်၊ ဆူး​တောရွာ၊ ရွာမရွာ၊ ညောင်ဇင်ရွာနဲ့ ​လေးပင်ကုန်းရွာတို့ကို စီးနင်းလုယက်၊ မီးရှို့ ဖျက်ဆီးခဲ့သလို မီးမရှို့ခင် နေအိမ်တွေ ဖောက်ထွင်းခိုးယူပြီးနောက် ရွာထဲ တွေ့တဲ့ ပြည်သူ တစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ မကွေးခရိုင် PDF အမှတ် ၁ တပ်ရင်း တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

“ကျေးရွာမှ ပြည်သူအိမ်‌တွေ အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ပြည်သူပိုင်ပစ္စည်းဖြစ်တဲ့ အိမ်အသုံးအဆောင်၊ ရွှေ၊ ငွေ တွေကိုလည်း မွှေနှောက်ယူဆောင်သွားသလို ဒေသခံ ပြည်သူ ၁ဦးကိုလည်း ရိုက်နှက်သတ်ဖြတ်သွားခဲ့ပါတယ်”

စစ်အုပ်စုဟာ ချောက်မြို့နယ်ထဲ ဆက်လက် ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး ရန်ပြုကြောင့် မီးရှို့ခံရတဲ့ ကျေးရွာ လေးရွာ အပါအဝင် ဒေသခံပြည်သူ တစ်ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းက ခုထိ ထိုးနေဆဲပါပဲ။ ချောက်မြို့နယ်ထဲပဲ ရှိနေပါသေးတယ်။ ရန်သူ့ဘက်မှ အကျအဆုံး များရှိတော့ တိုက်ပွဲ ပြင်းထန်လာနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အန္တရာယ်ကင်းတဲ့ နေရာတွေ ရှောင်နေကြဖို့ နဲ့ ပြည်သူတွေ ရန်သူနဲ့ မတွေ့အောင်နေထိုင်ဖို့ အဓိက ပြောကြားလိုပါတယ်” လို့ မကွေးခရိုင် PDF အမှတ် ၁ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

ချောက်မြို့နယ်ဟာ မကွေးတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ဗျူဟာမြောက် နယ်မြေတစ်ခု ဖြစ်ပြီး စစ်အုပ်စုရဲ့ မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ လက်အောက်ခံ ခလရ ၁၃ တပ်ရင်းနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေ တည်ရှိတဲ့ ဒေသ ဖြစ်တာကြောင့် စစ်အုပ်စုက နယ်မြေ စိုးမိုးရေး စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

မကွေးတိုင်း ချောက်မြို့နယ်ထဲ ရွာမီးရှို့၊ လူသတ်၊ လုယက်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာက သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းနဲ့ စစ်အုပ်စုက ဖောက်ထွင်းလုယက် မီးရှို့ဖျက်ဆီးသွားတဲ့ နေအိမ်တွေ/Photo – PDF စစ်ရုံးချုပ်၊ ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #မင်းဘူး #မန်းချောင်း

Related Articles

Back to top button