သတင်း

စစ်‌ရေးပဋိပက္ခတွေကြောင့် ငါးနှစ်အောက်ကလေးငယ် တစ်သန်းကျော် ကာကွယ်ဆေးထိုးခွင့်မရ

MN/MFP ၊ ဇူလိုင် – ၄

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်အတွင်း ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ဒေသတွေက ကလေးငယ် တစ်သန်းကျော်ဟာ အသက်အရွယ်အလိုက် ထိုးနှံရမယ့် ကာကွယ်ဆေးထိုးခွင့်တွေ ဆုံးရှုံးနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ကာကွယ်ဆေးထိုးလုပ်ငန်းအဖွဲ့ တာဝန်ခံ Dr. TToe က MFP ကို ပြောပါတယ်။

“၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် ကာကွယ်ဆေး လုံးဝ မရရှိထားတဲ့ ကလေးဦးရေ တနိုင်ငံလုံးအနေနဲ့ အနည်းဆုံး တစ်သန်းရှိမယ်လို့ NUG – MOH က ခန့်မှန်းထားပါတယ်။ NUG-MOH အနေနဲ့ တော်လှန်ရေးဒေသတွေမှာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေပါတယ်။”လို့ သူကဆိုပါတယ်။

စစ်ဖြစ်ပွားရာ ဒေသတွေက ကလေးငယ်တွေဟာ မြို့ပေါ်တွေအထိ သွားရောက်ထိုးနှံနိုင်တာ မရှိသလို စစ်အုပ်စုကလည်း အဆိုပါဒေသတွေထံ ဆေးဝါးသယ်ယူခွင့်တွေ ပိတ်ပင်ထားတာကြောင့် အဲဒီဒေသတွေက ကလေးငယ်တွေဟာ ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးနေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန(MOH)က CDM ဝန်ထမ်းတွေ အနေနဲ့လည်း ၂၀၂၅ခုနှစ်မှသာ စစ်အတွင်း စိန်ခေါ်မှုတွေ ကြားကပဲ ကလေးငယ်တွေ ကာကွယ်ဆေးထိုးလုပ်ငန်းကို စတင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။လက်ရှိမှာတော့ ကာကွယ်ဆေး ထိုးနှံဆဲနဲ့ ထိုးပြီးသား ကလေးငယ် ထောင်ဂဏန်းသာ ရှိသေးတဲ့အတွက် အမှန်တကယ်ထိုးနှံရမယ့် ကလေးဦးရေရဲ့ မပြောပလောက်တဲ့ ပမာဏသာ ထိုးနိုင်သေးတယ်လို့ Dr. TToe က ဆက်ပြောပါတယ်။

“အကန့်အသတ်တွေ ကြားထဲကနေ ကာကွယ်ဆေးရရှိ ထိုးနှံနေကြတာတွေလည်း ရှိနေပြီဖြစ်ပါတယ်။ သို့သော်လည်း ကာကွယ်ဆေး လိုအပ်နေတဲ့ နေရာတွေ အများကြီး ကျန်နေသေးတာ ဖြစ်တဲ့အတွက် အဖွဲ့အစည်းတွေ အချင်းချင်းကြားမှာ ညှိနှိုင်းပြီး လွှမ်းခြုံပေးနေတဲ့ ဧရိယာမထပ်အောင် ဆောက်ရွက်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။” လို့ သူကဆိုပါတယ်။

NUG-MOH အနေနဲ့လည်း အလှူရှင်ရရှိမှုအခက်အခဲ၊ ဆေးဝါးသယ်ယူရတဲ့ အခက်အခဲတွေ အပါအဝင်၊ ဆေးစျေးနှုန်းတွေ အဆမတန် ပေးဝယ်နေတာတွေကလည်း မြေပြင် ကာကွယ်ဆေးထိုး လုပ်ငန်းတွေမှာ ကြန့်ကြာမှုတွေဖြစ်ပြီး ကာကွယ်ဆေးထိုးနိုင်တဲ့နှုန်း နည်းပါးနေရတာလို့ Dr. TToe က ဆက်ရှင်းပြပါတယ်။

လက်ရှိမှာ စစ်အုပ်စုက တော်လှန်ရေးဒေသတွေကို ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်ထားပြီး ဆေးဝါး သယ်ဆောင်သူတွေနဲ့ ရောင်းချသူတွေကို ဖမ်းဆီးတာ၊ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းတာတွေ မကြာခဏလုပ်နေတာကြောင့် ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ ဝယ်ယူရခက်ခဲတာတွေနဲ့ စျေးနှုန်းကြီးမြင့်တာတွေ ဖြစ်ပေါ်နေပြီး အချို့ဆေးဝါး‌တွေကတော့ လုံးဝ ဝယ်လို့မရဘူးလို့ CDM ဆရာဝန်တွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတွေက ပြောပါတယ်။

တချို့ဒေသခံတွေကတော့ စစ်အုပ်စုလက်အောက်ခံ ဆေးရုံတွေမှာ သွားရောက်ထိုးနှံလိုစိတ် မရှိတာကြောင့် ကာကွယ်ဆေး မထိုးကြသူတွေလည်း ရှိကြသလို ရွာတွေကနေ မြို့ပေါ်ကို ကာကွယ်ဆေးလာထိုးချိန်မှာလည်း နှစ်ရက်သုံးရက် စောင့်ဆိုင်းရတာတွေကြောင့် လာမထိုးကြတော့တဲ့ သူတွေလည်း ရှိတယ်လို့ မုံရွာမြို့ခံတစ်ဦးက ဆိုပါတယ်။

အာဏာသိမ်း ငါးနှစ်ကျော်ကာလအတွင်း ကာကွယ်ဆေးထိုးဖို့ အဆင်မပြေ ဖြစ်ခဲ့ရတဲ့ အကြောင်းကို မိခင်တစ်ဦးကလည်း အခုလိုပြောပြပါတယ်။

“အာဏာသိမ်းတော့ သားလေးက ၁၁ လသားပါ။ အဲဒီတုန်းက ကိုဗစ်ကာလလည်း ဖြစ်နေတော့ ကိုးလမှာထိုးပြီးနောက်ပိုင်း ဆေးမထိုးခဲ့ရဘူး။ အာဏာလည်းသိမ်းပြီးရော ပိုဆိုးတယ် ဘယ်မှာထိုးရမှန်း မသိတော့ဘူး။ စစ်ရှောင်တဲ့နေရာမှာ ကာကွယ်ဆေးထိုးဖို့ စုံစမ်းပြန်တော့လည်း မရဘူး။ နောက်ပိုင်း သူသုံးနှစ်ကျော်ရောက်ပြီး တစ်လတစ်ခါလောက် ဖျားနေလို့ ဆရာဝန်သွားပြတော့ ကာကွယ်ဆေး မပြည့်ခဲ့လို့ဆိုပြီး ပြောတယ်၊ အခုဘေးကင်းတဲ့နေရာရောက်မှ Back date နဲ့ အကုန်ပြန်ထိုးရတာ” လို့ သူကဆိုပါတယ်။

နိုင်ငံတွင်းရှိ မွေးကင်းစအရွယ်ကစပြီး အသက် ငါးနှစ်အရွယ်ထိ ကလေးငယ်တွေဟာ ဘီစီဂျီ၊ငါးမျိုးစပ်၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ စတဲ့ကာကွယ်ဆေးတွေ အပါအဝင် ကာကွယ်ဆေး ၁၁ မျိုးကို ထိုးနှံရမှာပါ။ အဲဒီကာကွယ်ဆေးတွေဟာ ရောဂါပေါင်း ၁၃ မျိုးကို ကာကွယ်ပေးတာကြောင့် ကာကွယ်ဆေး မရရှိတဲ့ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ရေရှည်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ Dr. TToe က ရှင်းပြပါတယ်။

“ကာကွယ်ဆေး မထိုးနှံနိုင်တာက ကာကွယ်ဆေးထိုးပြီးတော့ ကာကွယ်လို့ရတဲ့ ရောဂါတွေ ဖြစ်ပွားပြီး အသက်သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။ ကာကွယ်နိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေမြင့်မားပြီး၊ ရောဂါတွေရဲ့ နောက်ဆက်တွဲကြောင့် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု နဲ့ ကျန်းမာရေးကို ရေရှည်ထိခိုက်စေတာဖြစ်တယ်။ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ကျဆင်းလာတာနဲ့အမျှ ငါးနှစ်အောက်ကလေး သေဆုံးနှုန်းတွေလည်း မြင့်မားလာနိုင်ပါတယ်” လို့သူက ဆိုပါတယ်။

ကလေးငယ်တစ်ဦးဟာ စတင်မွေးဖွားပြီးချိန်( မွေးကင်းစအရွယ်) ကစပြီး အသက် နှစ်လသား၊ လေးလ၊ ခြောက်လ၊ ကိုးလ၊ တစ်နှစ်ခွဲနဲ့ ငါးနှစ်အရွယ် အတွင်းမှာ ကာကွယ်ဆေး အမျိုးစားပေါင်း ၁၁ မျိုးကို မဖြစ်မနေ ထိုးနှံပေးရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကျမတို့အနေနဲ့ ကာကွယ်ဆေးထိုးနှံခွင့်က ကလေးတစ်ယောက်ရဲ့ အခွင့်အရေးမို့ ကာကွယ်ဆေးထိုးနှံဖို့ မပိတ်ပင်ဘဲ ထိုးလို့ရနိုင်မယ့်နေရာတွေ ညွှန်းပို့ပေးဖို့ အားပေးပါတယ်။” လို့ Dr. TToe က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ လူဦးရေဆိုင်ရာ ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံမှာ နှစ်စဉ် အရှင်မွေးဖွားတဲ့ ကလေးဦးရေဟာ တစ်သန်းနီးပါးရှိနေပြီး ကာကွယ်ဆေးမထိုးနိုင်တဲ့ ကလေးငယ် အရေအတွက်ကလည်း နှစ်စဉ် အများအပြား ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကလေးသူငယ်တွေမှာ ထိခိုက်နစ်နာမှုတွေ ရှိနေပြီး ကာကွယ်ဆေးထိုးနှံခွင့် ဆုံးရှုံးနေတဲ့ ကလေးငယ်ဦးရေဟာ ၁ ဒသမ ၂ သန်းထိ ရှိနေသလို စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု အပါအဝင် ပဋိပက္ခတွေ ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ် (၁၀၈၃) ဦးနဲ့ ဖမ်းဆီးခံထားရတဲ့ ကလေးငယ် (၆၃၀) ကျော်ရှိတယ်လို့ ဇူလိုင်လ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

NUG-MOHရဲ့ CDMဝန်ထမ်းတွေက တော်လှန်ရေး ထိန်းချုပ်နယ်မြေတွေရှိ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးနှံပေးနေစဉ်/ဓာတ်ပုံ- NUG-MOH

Related Articles

Back to top button