
ကုန်စည်တွေကို တောလမ်းကနေ ခြေလျင်သယ်ယူနေရလို့ ဒေသခံတွေ အခက်အခဲဖြစ်နေ
ရွှေဥ/MFP၊ဇူလိုင်-၇
စစ်ကိုင်းတိုင်း ၊ကလေးဝမြို့နယ် အာရှလမ်းမကြီးပေါ်မှာရှိတဲ့ မြစ်သာမြစ်ကူးတံတားကို စစ်အုပ်စုက ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာ နှစ်လကျော်လာချိန်မှာ မင်းကင်းမြို့နယ် အာရှလမ်းမကြီးတလျှောက် ကျေးရွာတွေမှာ ဆေးဝါးနဲ့ ကုန်စည်ပြတ်တောက်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ပြောပါတယ်။
ပြီးခဲတဲ့ မေလကစပြီး အာရှလမ်းမကြီးတလျှောက်မှာ စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ စစ်အုပ်စုက မြစ်သာတံတား(ကလေးဝ) ကို အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့တာပါ။
“ဘာကုန်မှ တင်လို့မရဘူး ။ကားမောင်းလို့မရဘူး ၊ဆိုင်ကယ်လည်း မောင်းလို့မရဘူး။လူတောင်သွားလို့မရဘူး ။”လို့ မင်းကင်းနယ်ခံတစ်ဦးက ပြောပါတယ်။
အဲဒီလို ပိတ်ပင်ထားတာကြောင့် မင်းကင်းမြို့နယ်အတွင်း ကျေးရွာတွေမှာ ဆေးဝါးနဲ့ ကုန်ပစ္စည်းတွေ ပြတ်တောက်ကုန်ပြီး ဒေသခံတွေဟာ တောလမ်းအတိုင်း ဖြတ်ကာ ကလေးမြို့ကို ခြေလျင်သွားရောက်ပြီး ကုန်စည်နဲ့ဆေးဝါးတွေ ဝယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို သွားလာရာမှာ အနည်းဆုံး သုံးညအိပ် သွားလာရပြီး ကုန်ပစ္စည်းတွေကို လူနဲ့တလှည့်၊ တိရစ္ဆာန်နဲ့တလှည့် သယ်ယူနေရတယ်လို့ ကလေးမြို့ကို ကုန်စည်တွေ ကိုယ်တိုင်သွားရောက် ဝယ်ယူနေသူ ဒေသခံတစ်ဦးက ပြောပါတယ်။
“ခြေလျင်ပဲသွားရတာ ။တောင်တက်ရတယ်။ချောင်းတွေဖြတ် ရေကူးကြရတယ်။မိုးတွေက ရွာတော့ တောင်ကျချောင်းတွေများတော့ ပစ္စည်းတွေက ရေထဲမျောတဲ့ဟာကမျော ၊ဆုံးတာကဆုံး ။သုံးညအိပ်ခရီး သွားရတယ်။လမ်းက လူသွားလမ်းပဲ ။တိရစ္တာန်နဲ့က လမ်းကတိုတိုပဲ ပိုလို့ရတာ ၊ကျန်တာ တံပိုးနဲ့ လူတွေက ထမ်းကြရတာ ၊လူတစ်ယောက် ဘာသယ်နိုင်မှာလဲ ။စားစရာမရှိ ၊ဆေးကုစရာမရှိလို့သာ လုပ်ကြရတာ ” လို့ သူကဆိုပါတယ်။
ကလေးဝမြို့နယ်နဲ့ မင်းကင်းမြို့နယ်အကြား ကုန်စည်သယ်ယူပို့ဆောင်ရာမှာ အဓိကအသုံးပြုနေတဲ့ မြစ်သာမြစ်ကူးတံတား(ကလေးဝ)ကို ပိတ်လိုက်တဲ့အတွက် မင်းကင်းနယ်ဘက်မှာရှိတဲ့
မိုင်တစ်ရာ၊တိမ်း ၊သိမ်ကုန်း ၊သာစည် ၊ခင်ဦး ၊မြင်ဦး ၊မြို့မ ၊ခုံသာ ၊မြေနီ ၊ဝရဲ၊အင်း ၊ပိက္ခယား ၊မင်းဘူး ၊ဂုံညှင်း ၊တောင်စာရေး ၊ယင်းမာ ၊ကြာပင် ၊ရွာသာ ၊မန်ကျီးကံ ၊ရေဦး ၊ကျောက်တန်း ၊အနောက်ကိုင်း ၊မယ်မဲ ၊ပျားသုံး ၊ဝင်ဝ ၊ကုန်းမော် ၊ကျောက်မော် ၊သစ်ခေါင်းတီး ၊လက်ပံတော စတဲ့ ကျေးရွာပေါင်း (၃၀) ကျော်မှာ ဆေးဝါးနဲ့ ကုန်ပစ္စည်းတွေ ပြတ်တောက်နေတာပါ။
မုံရွာ-ယာကြီးလမ်းပေါ်က မင်းကင်းမြို့နယ်ထဲမှာလည်း လတ်တလော တိုက်ပွဲတွေ ဖြစ်ပေါ်နေတာကြောင့် အဆိုပါ ရွာ(၃၀)ကျော်က ဒေသခံတွေဟာ မင်းကင်းမြို့ပေါ်ကိုလည်း မသွားနိုင်သလို၊ မြစ်သာတံတား (ကလေးဝ)လည်း အသုံးပြုခွင့် ပိတ်ထားတာကြောင့် ကလေးဝမြို့ဘက်ကနေလည်း ကုန်စည်မဝင်ဘဲ အခုလို စားဝတ်နေရေး ခက်ခဲနေတာလည်းဖြစ်ပါတယ်။
အဲဒီကျေးရွာတွေထဲမှာ နာတာရှည်ရောဂါသည်တွေ၊ကိုယ်ဝန်ဆောင်တွေနဲ့ နာမကျန်းဖြစ်နေသူ အယောက် (၁၀၀)ကျော်ရှိနေပြီး အဲဒီထဲက အယောက် (၃၀)ဝန်းကျင်ဟာ ဆေးဝါးနဲ့ ဆရာဝန် မရှိတာကြောင့် ဝေဒနာ ဆိုးဆိုးရွားရွား ခံစားနေရပြီး အရေးပေါ်အခြေအနေ ဖြစ်နေတယ်လို့ အကူအညီပေးနေသူတစ်ဦးက ပြောပြပါတယ်။
“လေဖြန်းတဲ့သူတွေက အိပ်ယာထဲ တုံးလုံး ဒီအတိုင်းနေကြရတာ ၊ခြေထောက်မကောင်းလို့ ကလေးမြို့ကို ဆေးခန်းပြဖို့သွားတဲ့ သူတွေကလည်း ပြန်လာရတယ်”လို့ သူကပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလလယ်က စတင်ကာ မုံရွာမြို့ပေါ်ကနေ မုံရွာ-ယာကြီး-မင်းကင်း-ကလေးဝ လမ်းအတိုင်း မင်းကင်းမြို့နယ်ထဲကို အင်အား၂၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း မင်းကင်းမြို့နယ်ထဲက ကျော်ရွာကျေးရွာအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာပါ။
လက်ရှိအချိန်မှာ စစ်အုပ်စုဟာ ကလေးဝမြို့ဘက်ခြမ်း မြစ်သာတံတားအနီးမှာလည်း လုံခြုံရေး တင်းကျပ်ထားတယ်လို့ ကလေးဝမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မြစ်သာတံတားနားက စစ်သားနဲ့ ရဲတွေအများကြီးချထားတယ်။မြို့ထွက်ဂိတ်မှာတော့ ပိုက်ဆံတောင်းတယ်။ ဖြတ်ရင် အားလုံးပေးကြရတယ်”လို့ ကလေးဝဒေသခံက ဆိုပါတယ်။
အာရှလမ်းမကြီးပေါ်မှာရှိတဲ့ မုံရွာ-ယာကြီး-ကနီ-မင်းကင်း-ကလေးဝလမ်း နဲ့ ကလေး -တမူးလမ်းဟာ အိန္ဒိယနိုင်ငံကနေ အိန္ဒိယငွေ ရူပီး ခန့်မှန်း ၁၂ ဘီလီယံ အကုန်အကျခံကာ ဦးဆောင်ဖောက်လုပ်မယ့် (အိန္ဒိယ-မြန်မာ-ထိုင်း) အဝေးပြေးလမ်းမကြီးစီမံကိန်းရဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်ပါတယ်။
မင်းအောင်လှိုင် အိန္ဒိယခရီးစဉ်က ပြန်လာပြီးနောက် အဆိုပါလမ်းပိုင်းတွေမှာ စစ်အုပ်စုက အင်အားအလုံးအရင်း သုံးကာ မြေပြင်ဝေဟင် ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်လာခဲ့ပြီး သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်း အကောင်အထည်ဖော်ဖို့နဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
မြစ်သာမြစ်ကူးတံတား(ကလေးဝ)/ဓာတ်ပုံ -SNS



