သတင်း

မင်းတပ်မှာ စစ်အုပ်စု ဗုံးကြဲလို့ မိန်းကလေးငယ် သုံးဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

ဒံယေလ/ MFP၊ ဇူလိုင် ၇

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ကို စစ်အုပ်စု လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့‌တာကြောင့် အသက် ၁၆နှစ်အောက် မိန်းကလေးငယ် သုံးဦးသေဆုံးပြီး၊ ၁၀ဦးကျော် ဒဏ်ရာရသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

ဇူလိုင်လ (၆)ရက်နေ့ မနေ့ညပိုင်းက မင်းတပ်မြို့ပေါ် တစ်နေရာကို ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အခုလို ထိခိုက်သေဆုံးခဲ့တာပါ။

“ အသက်မပြည့်တဲ့ မိန်းကလေး သုံးဦးသေတယ်။ အသက် ၁၆နှစ်အောက်တွေလို့ ပြောတယ်။ ၁၀ ဦးကျော် ဒဏ်ရာရပြီး နေအိမ် ၁၀လုံးကျော်ပျက်စီးသွားတယ်။” လို့‌ မင်းတပ်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ မင်းတပ်မြို့ကို အင်အား ၈၀၀ ကျော်နဲ့ ပြီးခဲ့တဲ့ တစ်လကျော်ကတည်းက စစ်ကြောင်းထိုး နေခဲ့တာဖြစ်ပြီး မြေပြင်ကကော၊ ဝေဟင်ကပါ နေ့စဉ်ရက်ဆက် အပြင်းအထန် ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက် နေခဲ့တာပါ။

မင်းတပ်မြို့နယ်အတွင်း စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်အုပ်စုဘက်ကလည်း ရာနဲ့ချီ ထိခိုက်သေဆုံးတာတွေ ရှိနေပြီး စစ်အုပ်စုက လေကြောင်း ဗုံးကြဲတာတွေကို နေ့စဉ်ရက်ဆက် လုပ်နေခဲ့တယ်လို့လည်း ချင်းပြည်သူ့ အစည်းအရုံး (CPU )အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်က ပြောပါတယ်။

“ဗုံးကြဲတာကတော့ နေ့တိုင်းရက်ဆက်ပဲ။ အခုတော့ သုံးပတ်လောက် ရှိတော့မယ်။ ဗုံးမကြဲတဲ့ရက်တော့ မရှိဘူး။ နေ့တိုင်းနေ့တိုင်း လာကြဲပါတယ်။ အဲလိုမျိုး တိုက်ပွဲတော့ အဲဒီလိုပြင်းထန်တယ်။ လေကြောင်း တိုက်ခိုက်မှုတော့ အကြိမ်ပေါင်းများစွာပေါ့နော် အဲလိုမျိုး သုံးပါတယ်။” လို့ သူကဆိုပါတယ်။

မင်းတပ်မြို့နယ်ထဲမှာတော့ ဧပြီလ ၁၁ ရက်ကနေ ဇွန်လ ၂၂ ရက်အထိ နှစ်လတာအတွင်း စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုအကြိမ် ၄၄၀ ရှိခဲ့ပြီး တစ်ရက်တည်းမှာပဲ ဗုံးကြဲမှု ၉၁ ကြိမ်ရှိခဲ့တဲ့နေ့တွေတောင် ရှိတယ်လို့ချင်းလူ့အခွင့်အရေးအဖွဲ့ – CHRO က ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီလိုတိုက်ခိုက်ရာမှာ တိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်တဲ့ အရပ်သားနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး Y – 12 လေယာဉ်ကိုအများစုအသုံးပြုထားတယ်လို့ CHRO ကဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ၊မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေမှာ စစ်အုပ်စုကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ကလေးငယ်တွေ အပါအဝင် အရပ်သား ဒါဇင်ချီ သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ (၁၅) ဦးကျော်ရှိသလို နေအိမ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

ဇွန်(၂၉) ရက်နေ့မှာ မင်းတပ်မြို့နယ်၊ ရှိမ်းရွာကို စစ်အုပ်စု ဗုံးကြဲခဲ့လို့ အသက် (၁၀)နှစ်အောက် မိန်းကလေးငယ် သုံးဦး သေဆုံးခဲ့သလို၊ ဇွန်(၂၁) ရက်မှာလည်း မင်းတပ်နဲ့ ကန်ပက်လက်မြို့အစပ်က ကျောက်တောင်ရွာ စစ်ရှောင်တဲကို ဗုံးကြဲခဲ့လို့ (၂)နှစ်သားအရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဇွန် (၁၉) ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ်၊ ကျင်‌ဒွေးမြို့ကို ဗုံးကြဲခဲ့လို့ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးနှစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

ဒီလိုဗုံးကြဲသတ်ဖြတ်တာတွေအပြင် မြေပြင်စစ်ကြောင်းကလည်း ဇွန်(၃)ရက်နေ့မှာ မင်းတပ်မြို့နယ်၊ ထင်ချောင်းရွာကို မီးရှို့ခဲ့ပြီး စစ်ရှောင်အဘိုးအိုတစ်ဦးနဲ့ ဆယ်တန်းကျောင်းသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မေ (၂၈) ရက်နေ့ကလည်း ပလက်ဝမြို့နယ်ကို ဗုံးကြဲလို့ ခရီးသွားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့သလို၊ မေ (၁၃) ရက်နေ့ကလည်း မတူပီမြို့နယ်ကို ဗုံးကြဲလို့ မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ကျန်တဲ့ ဟားခါး ၊ဖလမ်း ၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း ၊ဝေဘူလ၊ကျီခါး၊တွန်းဇံမြို့တွေကိုတော့ စစ်အုပ်စုက ထိန်းချုပ်ထားပါတယ်။

ဇူလိုင်လ ၆ရက်နေ့က မင်းတပ်မြို့ပေါ်တစ်နေရာကို စစ်အုပ်စု ဗုံးကြဲခဲ့စဉ်/ ဓာတ်ပုံ -ဒေသခံ

Related Articles

Back to top button