စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မုံရွာ ပလဖ စခန်း စီးနင်းမှု ဦးဆောင်သူ PDF တပ်ရင်းမှူးကို MoD တိုင်းစစ်ဌာန ထိန်းသိမ်း စစ်ဆေးနေ၊

ပလဖ ခေါင်း‌ဆောင်ကို နှိပ်စက်သတ်ဖြတ်ခဲ့တာ မဟုတ်ဘဲ ၄၀ မမ ထိမှန်သေဆုံးတာလို့ 5+1 နဲ့ နီးစပ်သူတွေ ပြော၊

ဘယ်သူမှ အရေးမယူတဲ့ မုံရွာ ပလဖ ကို ဒေသခံ PDF က အရေးယူဖို့ ပြည်သူ တောင်းဆို တာကြောင့် ဖမ်းဆီးဖို့ သွားရောက်ချိန် အချင်းချင်းပစ်ခတ်မှု ဖြစ်တာလို့ ဆို၊

စုံစမ်းစစ်ဆေးရေးအဖွဲ့ သီးခြားဖွဲ့စည်းထားပြီလို့ NUG ပြော၊

MN/MFP ၊ ဇူလိုင် – ၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စခန်းကို ဒေသခံ PDF တပ်ရင်းတွေက ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးဆောင်သူ PDF တပ်ရင်းမှူးကို အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန – MOD စစ်ကိုင်းတိုင်း စစ်ဌာနက ထိန်းသိမ်းကာ စစ်ဆေးနေတယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇွန်လ ၂၉ ရက် ညနေပိုင်းက မုံရွာမြို့နယ် ပလဖ စခန်း နှစ်ခုကို မုံရွာခရိုင် 5+1  တပ်ရင်း ( မုံရွာခရိုင် PDF တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်းအမှတ်(၄၊ ၂၂၊ ၂၃၊ ၂၅၊ ၂၈)တို့က ဝင်ရောက် ဖမ်းဆီးရာမှာ ပစ်ခတ်မှုဖြစ်ပြီး ပလဖ ခေါင်းဆောင် အပါအဝင် ပလဖ ရဲဘော်ငါးဦးနဲ့ ပြည်သူ သုံးဦး၊ စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ စီးနင်းမှု ဦးဆောင်တဲ့ PDF တပ်ရင်းမှူးကို MOD စစ်ကိုင်းတိုင်း စစ်ဌာနက ထိန်းသိမ်းထားပြီး စစ်ဆေးနေသလို ဖမ်းဆီးရာမှာ မပါဝင်ပေမဲ့ ကျန်တဲ့ တပ်ရင်းမှူး သုံးဦးကိုလည်း ခေါ်ယူ မေးမြန်း တာတွေ လုပ်နေတယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေက MFP ကို အတည်ပြုထားပါတယ်။

“ဖြစ်စဉ်ကို ဦးဆောင်ခဲ့တဲ့ တပ်ရင်းမှူးကိုတော့ ထိန်းသိမ်းစစ်ဆေးနေပြီ။ ကျန်တဲ့ တပ်ရင်းမှူး သုံးဦး ကိုတော့ လိုအပ်တာတွေ မေးမြန်းစစ်ဆေးဖို့အတွက် တိုင်းစစ်ဌာနမှာ ခေါ်ထားတယ်။ ဒီဖြစ်စဉ်မှာ အဓိက ဦးဆောင်ခဲ့တာကတော့ တပ်ရင်းမှူး တစ်ဦးတည်း ဦးဆောင်ပြီးတော့ သူနဲ့အတူ ရဲဘော်တွေ ပါတာပေါ့။ ကျန်တဲ့ တပ်ရင်းမှူးတွေကတော့ ပါဝင်တာ မရှိဘူးလို့ သိထားရတယ်။ အခုကတော့ တိုင်း စစ်ဌာနမှာ စစ်ဆေးနေတာတဲ့” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံ တော်လှန်ရေးရဲဘော် တစ်ဦးက ပြောပါတယ်။

မုံရွာ ပလဖ စခန်း စီးနင်းမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီ ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း MFP ကို ပြောပါတယ်။

“စုံစမ်းစစ်ရေးအဖွဲ့က ဖွဲ့ပြီးသွားပါပြီ။ စပြီးတော့ စစ်တဲ့အဆင့်တွေ လုပ်တော့မှာပါ။ ကာကွယ်ရေး ဝန်ကြီးဌာန ဘက်ကလည်း အဆင့်အဆင့်ကနေ စုံစမ်းစစ်ဆေးတာလည်း ရှိနိုင်ပါတယ်။ အစိုးရ တရပ်လုံး အနေနဲ့ကတော့ သီးခြား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ စစ်မှာ ဖြစ်ပါတယ်ဗျ။ အဲဒီအခါကျတော့ အဆင့်ဆင့်ကနေ စစ်ဆေးထားတဲ့ အချက်တွေအပေါ်မှာလည်း ပြန်ပြီးတော့ အဲဒါတွေလည်း ပါဝင်လာမှာပေါ့နော်။ ဘယ်လိုအရေးယူမှာလဲဆိုတော့ စစ်ဆေးပေါ်ပေါက်မှုတွေ ပေါ်မှာပဲ မူတည်မှာပေါ့နော်။ အခုချက်ချင်းတော့ ပြောလို့မရသေးပါဘူးဗျ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေး တွေ့ရှိမှုတွေအပေါ်မှာ မူတည်သလို နောက်ပြီးတော့ ဥပဒေတွေလည်း ရှိတာဆိုတော့ ဥပဒေတွေနဲ့အညီ သွားမှာ ဖြစ်ပါတယ်ဗျ”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

NUG က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ရေးအဖွဲ့ထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ တရားရေး စတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ရှိသူတွေ ပါဝင်တယ်လို့လည်း ဦးနေဘုန်းလတ်က ဆိုပါတယ်။

မုံရွာမြို့နယ် ပလဖ ခေါင်းဆောင်နဲ့ အဖွဲ့တွေဟာ ပြန်ပေးဆွဲငွေညှစ်မှု၊ ဓားပြတိုက် လူသတ်မှု စတဲ့ ရာဇဝတ်မှုတွေ နှစ်ရှည်လများ ဆက်တိုက် ကျူးလွန်နေတဲ့အပေါ် သက်ဆိုင်ရာ NUG ဝန်ကြီးဌာနတွေကို တင်ပြခဲ့ပေမဲ့ အဆင့်ဆင့် တာဝန်ရှိသူတွေက အရေးယူမှု မရှိတာကြောင့် ပြည်သူတွေက PDF တပ်ရင်းတွေကို ဖမ်းဆီး အရေးယူပေးဖို့ မကြာခဏ တိုင်ကြားတာကြောင့် သွားရောက် ဖမ်းဆီးတာဖြစ်တယ်လို့ ပလဖ စခန်းကို စီးနင်းခဲ့တဲ့ 5+1 တပ်ရင်းတွေနဲ့ နီးစပ်သူက MFP ကို ပြောပါတယ်။

“အာကူး (ပလဖ ခေါင်းဆောင်)အကြောင်းကလည်း အများသိကြပြီးတဲ့ အတိုင်းပဲ၊ လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးမှုတွေဆို ကျပ်သိန်း သုံးထောင်၊ ငါးထောင် စသဖြင့် အများကြီးပဲ။ သူက ၂၀၂၃ ခုနှစ်လောက် ကတည်းက နာမည်ဆိုးနဲ့ ကျော်ကြားနေတာ။ အဲဒီလို နာမည်ဆိုးနဲ့ ကျော်ကြားနေတာကို အထက် အဆင့်ဆင့်ကို တင်ပြတယ်။ အထူးသဖြင့် NUG ပြည်ထဲရေးဌာနက အရေးယူဆောင်ရွက်တာ မရှိခဲ့ဘူး။ အဲဒီလို နာမည်ဆိုးနဲ့ ကျော်ကြားနေတာကို သူ့(ပလဖခေါင်းဆောင်)ကို စုံစမ်းစစ်ဆေးတာတွေ ထိန်းသိမ်းတာတွေ မရှိခဲ့ဘူး။ သူ့ရဲ့ ပလဖ ရဲဘော်တွေကိုယ်တိုင် ဓားပြတိုက်တာတွေ ရှိတယ်။ အဲဒါတွေကိုလည်း PDF တပ်ရင်းတွေက လမ်းမှာ စောင့်ဖမ်းခဲ့တာတွေ အများကြီးရှိတယ်။ ဖမ်းပြီး အရေးယူဖို့ ပလဖ စခန်းကို ပို့တဲ့အခါမှာ အရေးယူမယ်ဆိုပြီး အရေးမယူဘဲနဲ့ လက်နက် ပြန် ကိုင်ခိုင်းတာတွေ ရှိတယ်။ ရာထူးတွေပါ တိုးသွားတာတွေ ရှိတယ်။ နောက်ပြီးတော့ အရပ်သား ခိုး၊ဆိုး၊ လု၊နှိုက်တွေကိုလည်း PDF တပ်ရင်းတွေက ဖမ်းပေးပြီးတော့ သူတို့ဆီ အပ်တဲ့အခါမှာ အရေးမယူဘဲ လက်နက် ကိုင်ခိုင်းပြီး အဖွဲ့ထဲမှာ တာဝန်ထမ်းခိုင်းတာတွေလည်း ရှိတယ်။ အဲဒီလို ဖြစ်စဉ်တွေကို တပ်ရင်းတွေ ဘက်ကလည်း ပလဖ ဘက်ကို အရေးယူတာတွေ လုပ်ဖို့ပေါ့၊ ဒါပေမဲ့ ပလဖ ဘက်က အရေးယူတာက မရှိဘူး။ အဲဒီလို ပြန်ပေးဆွဲ၊ ဓားပြတိုက်တာတွေကိုလည်း အထက် အဆင့်ဆင့်ကနေ အရေးယူတာလည်း မရှိဘူး။ အဲဒီတော့ ဒေသတွင်းမှာ ပြည်သူတွေကလည်း ကျီးလန့်စာစားတွေ ဖြစ်လာကြတယ်။ ပြည်သူတွေဘက်ကလည်း ၂၀၂၃ ခုနှစ်ကနေ အခု ၂၀၂၆ ထိ ဒီလိုတွေ ဖြစ်နေတာကို အရေးမယူကြဘူးလား ဆိုပြီးတော့ PDF တပ်ရင်းတွေအပေါ်မှာ ဖိအားတွေ ပေးကြတာတွေ တိုင်ကြားတာတွေ လုပ်လာကြတာပေါ့”လို့ 5+1 တပ်ရင်းတွေနဲ့ နီးစပ်သူက ပြောပါတယ်။

အဲဒီလို ဖြစ်စဉ်တွေကြောင့် မုံရွာခရိုင် 5+1 တပ်ရင်းတွေက မုံရွာ ပလဖ စခန်းတွေကို ဝင်ရောက်ဖမ်းဆီးရာ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားတဲ့အဆင့်ထိ ရောက်ခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“မြို့နယ် ပလဖ ခေါင်းဆောင်နဲ့ အဖွဲ့တွေ အပြစ်ကျူးလွန်ထားတာနဲ့ ပတ်သက်ပြီးတော့ အဲဒီ ပလဖ အဖွဲ့တွေကို ဖမ်းဆီးပြီးတော့ ပလဖ ဘက်ကို မအပ်တော့ဘဲနဲ့ သက်ဆိုင်ရာအထက်အဆင့်ထိ အပ်မယ် ဆိုပြီးတော့ သွားဖမ်းတာ။ တိုက်နယ်-ပလဖ ကတော့ သွားဖမ်းတဲ့အခါမှာ ထွက်ပြေးတာပေါ့။ အဲဒီမှာ ပစ်ခတ်မှု ဖြစ်သွားတယ်။ နောက်ပြီးတော့ ဦးဆောင်ပြီး သွားဖမ်းဆီးတဲ့ တပ်ရင်းမှူးက အာကူး(ပလဖ ခေါင်းဆောင်) နေတဲ့ စခန်းကို သွားပြီးတော့ စကားပြောမယ်ပေါ့။ ပြောမရဘူးဆိုရင်တော့ အာကူးပါ တခါတည်း ဖမ်းဆီးထိန်းသိမ်းပြီးတော့ အထက်ကို အပ်မယ်ပေါ့။ အဲဒီ ရည်ရွယ်ချက်နဲ့သွားတာလို့ သိရတယ်။ အဲဒီလို တပ်ရင်းမှူးက ဖမ်းဆီးဖို့ သွားတဲ့အခါမှာလည်း အရင်ကလည်း တပ်ရင်းမှူးတွေ လုပ်ကြံခံထားရတာ ရှိတော့ သူ့အတွက် လုံခြုံရေးတပ်စိတ် ပါသွားတယ်။ ၁၅ ယောက်လောက်တော့ ရှိမှာပေါ့။ အဲဒီမှာ သူတို့ကိုလည်း မြင်ရော ဟိုဘက် (ပလဖ ခေါင်းဆောင်နဲ့အဖွဲ့)က စပြီးတော့ လှမ်းပစ်တော့တာ။ အဲဒီမှာ တိုက်ပွဲဖြစ်တော့ ဒီဘက်က ၄၀ (မမ) ဗုံးသီးနဲ့ လှမ်းပစ်တယ်။ လက်နက်ငယ်နဲ့ ၄၀ မမ ထိမှန်ပြီးတော့ အာကူး(ပလဖ ခေါင်းဆောင်)က အဲဒီနေရာမှာတင် ကျဆုံးသွားတာပေါ့။ လိုင်းပေါ်မှာတော့ အမျိုးမျိုးပြန့်နေတာ ရှိတာပေါ့။ မြေပြင်မှာကတော့ ၄၀ (မမ) ဗုံးသီး ထိမှန်ထားတဲ့ ဒဏ်ရာနဲ့ လက်နက်ငယ်စက (အာကူး)သူ့ကျောကနေ့ ရှေ့ကိုဖောက်ထွက်ထားတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတာပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ ပလဖ တွေဘက်ကတော့ PDF တပ်ရင်းတွေဘက်ကို နစ်နာဖို့ရာအတွက် ထိုးသွင်းဒဏ်ရာတွေဖြစ်တယ်လို့ လုပ်ကြံပြောဆိုတာတွေ ရှိတာပေါ့။ အမှန်တကယ်က ဒီကိစ္စတွေဟာ ဟိုအရင် ၂၀၂၃ ခုနှစ်တွေကတည်းက အထက် အဆင့်ဆင်ကနေ အရေးယူဖို့ လုပ်ခဲ့ရမှာ။ အဲဒီလိုတွေ အရေးမယူခဲ့တာကြောင့် အခုအချိန်မှာ တပ်ရင်းတွေဘက်က ဖမ်းဆီးဖို့သွားတဲ့အခါမှာ အချင်းချင်း အပြန်အလှန်ပစ်ခဲ့တဲ့အဆင့်ထိ ဖြစ်သွားခဲ့ရတာပေါ့”လို့ 5+1 တပ်ရင်းနဲ့ နီးစပ်သူက ဆိုပါတယ်။

မြို့နယ် ပလဖ ခေါင်းဆောင်ဖြစ်သူ ကိုအာကူး ကို ဖမ်းဆီးပစ်ခတ်ရာမှာ ကိုအာကူးနဲ့အဖွဲ့ဘက်က စတင် ပစ်ခတ်လို့ ၄၀ မမ ဗုံးသီးနဲ့ ပြန်လည်ပစ်ခတ်ရာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တာဖြစ်ပြီး လူမူကွန်ယက်မှာ ဖော်ပြနေသလို ဖမ်းဆီးပြီးမှ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တာ မဟုတ်ဘူးလို့လည်း စီးနင်းဖမ်းဆီးခဲ့တဲ့ 5+1 တပ်ရင်း တာဝန်ရှိသူတွေက သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်မှာ ငြင်းဆိုထားတာကို တွေ့ရပါတယ်။

NUG အနေနဲ့ မြို့နယ်နဲ့ ခရိုင်အဆင့်တွေမှာ ပသုံးလုံးလို့ ခေါ်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ – ပအဖ နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တွေကို ဖွဲ့စည်းထားပြီး ပလဖ နဲ့ ပအဖ ကို ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန – MOHAI က ကိုင်တွယ်ကာ ပကဖ ကိုတော့ ကာကွယ်ရေး ဝန်ကြီးဌာန – MOD အောက်မှာ ထားရှိတာ ဖြစ်ပါတယ်။

NUG ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ လက်နက်ကိုင်အချင်းချင်း အထက်အမိန့်မပါဘဲ စီးနင်းစရာ အကြောင်း မရှိသလို ခရိုင်ကွပ်ကဲရေး အဖွဲ့မှာလည်း လုပ်ပိုင်ခွင့်မရှိဘဲ ပြည်ထောင်စုအဆင့် ညှိနှိုင်း တိုင်ပင် ဆုံးဖြတ်ပြီးမှသာ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ MOHAI ဒုတိယဝန်ကြီး ဦးကျော်နီက MFP ကို ပြောဆိုထားပါတယ်။

“သေချာတာကတော့ NUG ကွပ်ကဲမှုအောက်က လက်နက်ကိုင်အချင်းချင်း အထက်အမိန့်မပါဘဲ စီးနင်းစရာ အကြောင်းကို မရှိပါဘူး။ ခရိုင်ကွပ်မှာလည်း အဲဒီလို လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒီကိစ္စတွေက ပြည်ထောင်စုအဆင့် ညှိနှိုင်းတိုင်ပင်ဆုံးဖြတ်ပြီးမှ လုပ်ရမယ့်ကိစ္စပါ။ မုံရွာမြို့နယ် ပလဖနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တွေကြောင့် အရေးယူတယ်ဆိုလို့ရှိရင် တိုင်ကြားချက်တွေရှိလို့ရှိရင်လည်း ဒါဟာ သူတို့မှာ အရေးယူပိုင်ခွင့် မရှိဘူးပေါ့နော်။ ကျွန်တော်တို့ ထပ်ပြီးတော့ တင်ပြရမယ်။ တင်ပြ ပြီးတော့မှသာလျှင် ဒီလိုမျိုး ကိုယ့်ရဲ့ NUG အတွင်းထဲက အဖွဲ့အစည်းတွေကို အရေးယူဖို့ဆိုလို့ရှိရင် ပြည်ထောင်စု အဆင့်မှာ ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးပြီးတော့ နောက်ဆုံး ဆုံးဖြတ်ပြီးတော့မှ ဒီ ဆုံးဖြတ်ချက်နဲ့အညီ ခေါ်ယူထိန်းသိမ်းတာဖြစ်စေ၊ နောက်ဆုံး အရေးယူတာဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ညွှန်ကြားချက်နဲ့အညီ စနစ်တကျသွားရမှာပေါ့နော်။ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ ပြည်သူတိုင်လို့ ဆိုပြီးတော့ ဒီလိုမျိုး လုပ်တယ်ဆိုတာမျိုး ကျွန်တော်တို့ခွင့်ပြုလို့မရဘူး။ ကျွန်တော်တို့ဆီကိုတော့ (မုံရွာ-ပလဖနဲ့ပတ်သက်ပြီး) ဒီလိုမျိုးတိုင်ကြားချက်တွေတော့ ရောက်မလာဘူးပေါ့။ ရောက်မလာပါဘူး။ ဒီလို အခု ဝင်ရောက်စီးနင်းခဲ့တဲ့ တပ်ရင်း၊တပ်ဖွဲ့တွေကို တကယ်လို့ ညွှန်ကြားခဲ့သူတွေရှိလို့ရှိရင် ညွှန်ကြားတဲ့ သူတွေကိုတော့ PDF စစ်ရုံးချုပ်ရဲ့ သူ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်ပြီးတော့ အရေးယူရမှာပေါ့။ ဒါကတော့ တာဝန်ခံရမှာပဲ။ ကိုယ်လုပ်တဲ့လုပ်ရပ်အတွက်တော့ တာဝန်ခံရမှာပဲ။ တာဝန်ယူရမှာပါ”လို့ ဦးကျော်နီက MFP ကို ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်မှာလည်း ယင်းမာပင်ခရိုင် PDF စစ်ဌာန တာဝန်ရှိသူတွေ အစည်းအဝေး လုပ်နေချိန် ယင်းမာပင်ခရိုင် PDF အမှတ် ၆ တပ်ရင်းရဲ့ တပ်ရင်းမှူးဖြစ်သူ ပုလဲမောင် ကို ယင်းမာပင်ခရိုင် စစ်ဌာန ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ရဲ့ ကိုယ်ရေးအရာရှိက ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့လည်း ဗိုလ်စွမ်းသူမောင် အပါအဝင် ယင်းမာပင်ခရိုင် စစ်ဌာန တာဝန်ရှိသူတွေကို လက်နက်ဖြုတ်သိမ်းကာ တာဝန်က ယာယီရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးနေတယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မုံရွာ #ပလဖ

Related Articles

Back to top button