မကွေးသတင်း

မြိုင်နဲ့ပေါက်နယ်အစပ်မှာ စစ်အုပ်စုက မြေပြင်၊ဝေဟင် ထိုးစစ်ဆင်နေ၊စစ်အုပ်စုရန်ကြောင့် ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရ

‌အီသာရမ်/MFP၊ဇူလိုင်-၈

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ် ကျေးရွာတွေကို စစ်အုပ်စုက မြေပြင်စစ်ကြောင်းတွေနဲ့ ဝင်ရောက်မွှေနှောက်နေသလို လေကြောင်းကနေလည်း နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကိုပြောပါတယ်။

စစ်အုပ်စုဟာ ဇူလိုင်လ ၇ ရက်နေ့ ညက သစ်ပုလွေကုန်းကျေးရွာနဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူတွေက ထွက်ပြေးနေကြတာကြောင့် ထိိခုက်ဒဏ်ရာရသူမရှိဘဲ ဘုန်းကြီးကျောင်းဆောင်တချို့သာ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ညက သစ်ပုလွေကုန်းဘုန်းကြီးကျောင်းကို ကြဲတာ၊နေ့တိုင်းကြဲနေတာပါ၊ အရင်ရက်တွေကလည်း ကိုင်းတောမ အနောက်ဘက်တွေ ကြဲနေတာလေ။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဇွန်လနောက်ဆုံးအပတ်ကစပြီး မြိုင်မြို့နယ်၊တွင်းမပျူစောထီးစခန်းကနေ ခန့်မှန်းအင်အား ၅၀၀ ပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ မြိုင်နဲ့ ပေါက်နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာခဲ့တာပါ။

ဇူလိုင်လ ၆ရက်နေ့မှာတော့ အဆိုပါ စစ်အုပ်စုစစ်ကြောင်းကို စစ်ကူပေးဖို့အတွက် ပခုက္ကူတပ်မ ၁၀၁ ကနေ နောက်ထပ် ခန့်မှန်းအင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းကလည်း တွင်းမပျူစောထီးစခန်းကို ထပ်မံရောက်ရှိလာခဲ့တယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ် ။

အဲဒီလို စစ်ကြောင်းတွေ အင်အားဖြည့်ပြီး ထပ်မံရောက်ရှိလာတာကြောင့် မြိုင်နယ်နဲ့ ပေါက်နယ်အစပ်မှာ စစ်အုပ်စုစစ်ကြောင်းနှစ်ကြောင်း ရောက်နေသလို၊ ဒေသအခေါ် စက်မှု-၂ မှာလည်း စစ်ကြောင်းတစ်ကြောင်း ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းက ဒီနေ့ သံဘို သစ်ပုလွေကုန်းရွာဘက်မှာ တစ်ကြောင်းရှိတယ်၊ထောက်ရှာပင်မှာ တစ်ကြောင်းရှိတယ်၊စက်မှု-၂ မှာလည်း တစ်ကြောင်းရှိတယ်၊ ထောက်ရှာပင်နဲ့စက်မှုက စစ်ကြောင်းက မလှုပ်ဘူး၊နောက်ထပ်လာ‌တဲ့စစ်ကြောင်းက ရွေ့နေတာပေါ့”လို့ အဆိုပါ ဒေသခံက‌ ဆိုပါတယ်။

လက်ရှိအချိန်မှာ ထောက်ရှာပင်ကျေးရွာကို ရောက်နေတဲ့ စစ်အုပ်စုစစ်ကြောင်း‌ဟာ ရှေ့ဆက်မတိုးနိုင်သေးဘဲ ထောက်ရှာပင်ရွာနဲ့ လေးမိုင်အကွာမှာရှိတဲ့ ၂၀၂၄ ခုနှစ်က တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ကိုင်းတောမ နယ်မြေရဲစခန်းကို ပြန်လည်အထိုင်ချနိုင်ဖို့ ကြိုးစားနေပုံရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းနေကြပါတယ်။

ပြီးခဲတဲ့ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က အထိနာခဲ့သလို ဇွန်လ ၂၃ရက်နေ့ကလည်း တွင်းမပျူစောထီးစခန်းအနီးကို ဆင်းသက်လာတဲ့ ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်တွေက FPVဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် စစ်အုပ်စုဟာ အနီးအနားက ကျေးရွာတွေကို နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်တွေ လုပ်နေပြီး ဒေသခံတချို့လည်း ထိခိုက်တာတွေ ရှိနေတာပါ။

လက်ရှိအချိန်မှာ စစ်အုပ်စု မြေပြင်ဝေဟင်ရန်ကြောင့် မန်းကျည်းတန်း၊ အင်းဘက်၊သံဘို၊ သစ်ပုလွေကုန်း၊ မန်းကျည်းသုံးပင်၊ဂျိုးပျံ၊ထူးကြီး၊နှောပေါက်၊ထောက်ရှာပင်၊လက်ခုတ်ပင်၊ဆုံကုန်းကျေးရွာတို့ အပါအဝင် ပတ်ဝန်းကျင် ကျေးရွာတွေက ပြည်သူ တစ်သောင်းခွဲခန့်ဟာ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ တောတိုက်တွေမှာ ဖြစ်သလို နေထိုင်နေကြပြီး၊ မိုးရာသီဖြစ်တာကြောင့် ပိုမိုခက်ခဲနေကြသလို စစ်ရှောင်တဲ့ တောတိုက်တွေအထိ လေကြောင်းတိုက်ခိုက်မှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု မြေပြင်ဝေဟင် စစ်ကြောင်းထိုးတိုက်ခိုက်နေလို့ ထွက်ပြေးနေကြရတဲ့ ပေါက်နဲ့ မြိုင်အစပ်က ဒေသခံတွေ/ ဓာတ်ပုံ-အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်၊ ပေါက်လူသားစာနာ

Related Articles

Back to top button