
ရွှေဥ/MFP၊ ဇူလိုင် ၉
မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ စစ်ကိုင်းတိုင်း ၊ကလေး-တမူး (အာရှလမ်းမကြီး) တလျှောက်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ ကလေး-တမူးလမ်း (အာရှလမ်းမကြီး)ပေါ် ကို အင်အားအများအပြားပါတဲ့ စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်လာတာ တစ်လကျော် ရှိနေပြီ ဖြစ်ပါတယ်။
တစ်လကျော်တိုက်ပွဲတွေအတွင်း စစ်အုပ်စု ပြန်လည်ထိန်းချုပ်သွားတဲ့ ခါမ်းပါတ်မြို့နဲ့ အနီးဝန်းကျင် နေရာတွေနားမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဒီကနေ့ ဇူလိုင် ၉ ရက် မနက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။



“တိုက်ပွဲက ဝိတုတ်မှာလဲ တိုက်ပွဲက ဆက်ဖြစ်နေသေးတယ်။ကနန်မှာလဲ ဖြစ်နေသေးတယ်။ခါမ်းပါတ်မှာလဲ ဆက်ဖြစ်နေသေးတယ်”လို့ သူကဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိနေပြီး လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေလို့ အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
စစ်အုပ်စုတပ်တွေဟာ ပြီးခဲ့တဲ့ မေလကုန်ကစပြီး (၈၃)မိုင်ခန့် ရှည်လျားတဲ့ ကလေး-တမူး (အာရှလမ်းမကြီး)ကို ကလေးမြို့ကနေ စစ်ကြောင်းတစ်ကြောင်း ၊တမူးမြို့ကနေ စစ်ကြောင်းတစ်ကြောင်း ၊မော်လိုက်မြို့ကနေ စစ်ကြောင်းနဲ့ ဝင်ရောက်လာခဲ့တာပါ။
အဲဒီ စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေဟာ ကလေး-တမူးလမ်းမကြီးပေါ်က ၅၆မိုင် ၊ရာဇဂြိုဟ် ၊ခုံသာ ဝိတုတ် ၊ခါမ်းပါတ် ၊ကနန် စတဲ့နေရာတွေမှာ တစ်လကျော် တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဇွန်လတတိယပတ်မှာတော့ စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နန်မွန်းတားကျေးရွာ ၊အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) စခန်း ၊ခါမ်းပါတ်မြို့ နဲ့ ရာဇဂြိုဟ်ကျေးရွာတွေကို ပြန်လည် ထိန်းချုပ်သွားခဲ့ပါတယ်။
လက်ရှိအချိန်မှာ စစ်အုပ်စုတပ်တွေက ၅၆မိုင် ၊ရာဇဂြိုဟ် ၊ခုံသာ ၊ရန်မျိုးအောင် ၊ကျွန်းတောရေရှင် ၊စော်ဘွားရေရှင်ကျေးရွာနဲ့ ခါမ်းပါတ်မြို့နယ်တွေမှာ စခန်းချထားပြီး ခါမ်းပါတ်မြို့မှာ စခန်းတည်ဆောက်ဖို့ ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ သူတို့ထိန်းချုပ်ထားတဲ့ ရာဇဂြိုဟ်၊စော်ဘွားရေရှင်နဲ့ ကျွန်းတောရေရှင် စတဲ့ကျေးရွာတွေဆီကို မြို့ပေါ်က အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ ပညာရေးဌာနတို့က Non- CDM ဝန်ထမ်းတွေ ခေါ်လာပြီး ဖိအားပေး တာဝန်ထမ်းဆောင်ခိုင်းနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာတွေရဲ့ ထွေအုပ်ဝန်ထမ်းတွေအဖြစ် လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်တွေနဲ့ စစ်အုပ်စုထံ ဘက်ပြောင်းအညံ့ခံလာသူတွေကို တာဝန်ပေးထားတယ်လို့လည်း ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ရပ်ကျေးထွေအုပ်က ပျူခေါင်းဆောင်တို့ ၊အညံ့ခံသူတွေကို ပြန်ခန့်တာရှိတယ်။ ပညာရေးဝန်ထမ်းတွေကိုလည်း တိုက်ပွဲကြားကနေ ခေါ်လာတယ်။ ကျောင်းဖွင့်ခိုင်းတယ်။ ပညာရေးနောက်ကျမယ် ။ကလေးတွေလာတက်ကြပါဆိုပြီး စစ်ရှောင်တွေကို စည်းရုံးတာတွေရှိတယ်”လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
စစ်အုပ်စုဟာ ကလေး-တမူးလမ်း (အာရှလမ်းမကြီး)တလျှောက် မြေပြင်စစ်ကြောင်းထိုးနေချိန်မှာ လေကြောင်းကနေလည်း နေ့စဉ်နီးပါး ဗုံးကြဲပစ်ကူ တိုက်ခိုက်တာတွေ လုပ်နေခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်အုပ်စုရဲ့ မြေပြင်ဝေဟင် ထိုးစစ်ဆင်မှုတွေကြောင့် ကလေး-တမူး လမ်းမကြီးပေါ်က ကနန်၊အောင်သစ္စာ၊ခုံသာ၊ကံကြီး၊၅၆မိုင်စတဲ့ ကျေးရွာတွေက ဒေသခံ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
စစ်အုပ်စုဟာ လက်ရှိအချိန်အထိလည်း ကလေး-တမူးလမ်းပေါ် စစ်ကြောင်းထိုး၊ဗုံးကြဲနေသေးတာကြောင့် အဲဒီလမ်းမကြီးတလျှောက်က ခွန်မွန်းနွမ်၊ နန်မွန်းတား၊ ရန်ငြိမ်းအောင်၊ မင်းသမီး၊ ကနန်၊ ဘုက္ကန်၊ ခါမ်းပါတ်၊ ဖက်ယားရေရှင်၊ ကျွန်းတောရေရှင်၊ ဝိတုတ် စတဲ့ကျေးရွာတွေနဲ့ ကလေးမြို့နယ်အတွင်းက ရန်မျိုးအောင်၊ ကြံစက်ကုန်း၊ ကြက်ဖနက်၊ ကံသာယာ၊ ကံကြီး၊ ရာဇဂြိုဟ်၊ ပြည်တော်သာ၊ နန်းစောင်းပု၊ ၅၆ မိုင် စတဲ့ ကျေးရွာပေါင်း (၅၀) ကျော်က ဒေသခံထောင်ချီဟာ နီးစပ်ရာနေရာတွေနဲ့ တောတောင်အတွင်းမှာ စစ်ရှောင်နေကြရပြီး အခု တစ်လကျော်တဲ့အထိတိုင် နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေထဲက အယောက်(၅၀) ကျော်ဟာ ကျန်းမာရေးမကောင်းကြသူတွေဖြစ်ပြီး အများစုက ငှက်ဖျားဝေဒနာ ခံစားနေကြတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့သူတစ်ဦးက ပြောပါတယ်။
“အားလုံးက ငှက်ဖျားတွေ ဖြစ်ကြတာ ။မဖျားတဲ့သူကို မရှိသလိုပဲ ၊ချမ်းလာလိုက် ၊အေးလာလိုက် ၊အဲ့လိုရောဂါတွေ ဖြစ်ကြတာ ။ဆေးကမရှိတော့ ။ရေနွေးကြမ်းသောက်နေကြရတယ်။တချိုကလည်း ချင်း(ဂျင်း)တွေပဲ သောက်နေကြရတယ်”လို့ သူကပြောပါတယ်။
ကလေး-တမူးလမ်း(အာရှလမ်းမကြီး)ဟာ အိန္ဒိယနိုင်ငံကနေ ရူပီး ခန့်မှန်း ၁၂ ဘီလီယံ အကုန်အကျခံကာ ဦးဆောင်ဖောက်လုပ်မယ့် (အိန္ဒိယ-မြန်မာ-ထိုင်း) အဝေးပြေးလမ်းမကြီးစီမံကိန်းရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။
မင်းအောင်လှိုင် အိန္ဒိယခရီးစဉ်က ပြန်လာပြီးနောက် အဆိုပါလမ်းပိုင်းကို စစ်အုပ်စုက အင်အားအလုံးအရင်းသုံးကာ မြေပြင်ဝေဟင် ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်လာခဲ့ပြီး သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်း အကောင်အထည်ဖော်ဖို့နဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
ခါမ်းပါတ်မြို့ အပါအဝင် ကလေး-တမူးလမ်းပေါ်က နေရာတချို့ကို ပြန်လည်ထိန်းချုပ်သွားတဲ့ စစ်အုပ်စု/ ဓာတ်ပုံ-စစ်အုပ်စု



