
MN/MFP ၊ ဇူလိုင်-၉
မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲမှာ မေလနဲ့ ဇွန်လအတွင်း စစ်အုပ်စုက မြေပြင်၊ဝေဟင် စစ်ကြောင်းထိုး ဗုံးကြဲလို့ PDF ရဲဘော်တွေအပါဝင် အရပ်သား ပြည်သူ စုစုပေါင်း အယောက် ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မြင်းခြံခရိုင် လေးမြို့နယ်ဖြစ်တဲ့ ငါန်းဇွန်၊ နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာ မြို့နယ်တွေထဲမှာ အင်အားအလုံးအရင်းနဲ့ ထိုးနေတဲ့ မြေပြင်စစ်ကြောင်းက ၂၉ ဦးထက်မနည်း ဖမ်းဆီး သတ်ဖြတ်ခဲ့သလို လေကြောင်းဗုံးကြဲလို့လည်း ဒေသခံ ၁၁ ဦး သေဆုံးခဲ့တာပါ။




တောင်သာမြို့နယ်ထဲမှာတော့ အရပ်သား အမျိုးသား (၁၃)ဦး(မြေပြင်မှာပိုများနိုင်)နဲ့ PDF ရဲဘော် ၁၁ ဦး သတ်ဖြတ်ခံခဲ့ရတာပါ။ အရပ်သား ၁၃ဦးဟာ တောင်သာမြို့နယ် ဆီဆုံကုန်း၊အင်းတဲ၊ထန်းပင်ခြံ၊ဆည်ပြား၊ တံတားနဲ့ အုန်းကျင်ရွာတို့ကဖြစ်ပြီး သူတို့ဟာ စစ်အုပ်စုနဲ့တိုးကာ နှိပ်စက်ညှဥ်းပန်းခံရပြီးမှ မီးရှို့သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ဒေသခံတွေ သတ်ဖြတ်ခံရတာကလည်း ဖမ်းဆီးနှိပ်စက်ခံရပြီးမှ (စစ်အုပ်စုက)သတ်တာများပါတယ်။ အကုန်လုံးကတော့ ရက်စက်စွာနဲ့ နှိပ်စက်သတ်ဖြတ်ခံရခြင်းပါပဲ။ ကျွန်တော့်နေရာနားမှာဆိုရင် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းက မီးလောင်ထားတော့ လူရုပ်ကိုမပီတော့ဘူး။”လို့ တော်လှန်ရေးရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
ဒါ့အပြင် ဇွန်လအတွင်းမှာ တောင်သာနယ်ထဲက ထန်းကျင်း၊ နတ်စောင့်၊ ကျားမတွင်း၊ ထန်းပင်ခြံ၊ ညောင်ကုန်း၊ တံတား(အရှေ့)၊ အုန်းကျင်း စတဲ့ ကျေးရွာတွေက နေအိမ်တွေကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ရာနဲ့ချီ မီးလောင်ပြာကျခဲ့ပါတယ်။
မေလ ၄ ရက်ကလည်း တောင်သာမြို့နယ်ထဲမှာ PDF တွေ မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို ပစ်ခတ်ခဲ့လို့ PDF ရဲဘော် ၁၁ ဦး ကျဆုံးခဲ့ရပြီး သေနတ် ၁၄ လက်နဲ့ ခဲယမ်းတွေ ဆုံးရှုံးခဲ့ရပါတယ်။
အလားတူ စစ်အုပ်စုဟာ မြင်းခြံမြို့နယ်၊ ဧရာဝတီမြစ်ရိုးတလျှောက်က ဆင်ချောင်း၊ မရိုးကုန်းနဲ့ ဆင်းဂွတ်ရွာတို့ကိုလည်း မေလထဲမှာ စီးနင်းလုယက် မီးရှို့ခဲ့ပြီး အမျိုးသမီး လေးဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သလို ဒေသခံတစ်ဦးကိုပါ သတ်ဖြတ်ခဲ့ပါတယ်။
ငါန်းဇွန်မြို့နယ်မှာလည်း မေလနဲ့ ဇွန်လအတွင်းမှာ ဘုန်းကြီးကျောင်းအတွင်း အိပ်ပျော်နေတဲ့ အသက်(၈၀)အရွယ် စစ်ရှောင်အဖွားအိုတစ်ဦးနဲ့ ကျေးရွာထဲ ပြန်ဝင်မိတဲ့ အမျိုးသမီးတစ်ဦးကို စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။
ဒါ့အပြင် နွားထိုးကြီးမြို့နယ်မှာလည်း ဇွန်လအတွင်းမှာ အုတ်ရှစ်ကုန်းရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့သလို၊ သစ်ရုံရွာသားတစ်ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သေးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။
ငါန်းဇွန်နဲ့ နွားထိုးကြီးနယ်ထဲမှာတော့ မေ ၂၇ ရက်ကနေ အခုလ ဇူလိုင် ၂ ရက်ထိ ဒရုန်းအပါဝင် လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံပြည်သူ ၁၁ ဦး သေဆုံးခဲ့ပါသေးတယ်။
မြင်းခြံခရိုင်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကနေ အခုနှစ် ဇွန်လထိ အိမ်ခြေပေါင်း ၅၀၀၀ ထက်မနည်းကို စီးနင်းလုယက်မီးရှို့ခဲ့ပြီး ဒေသခံတွေဟာ ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးအပါအဝင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ စတဲ့အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့စဉ်/ ဓာတ်ပုံ-ကိုနွေဦး-မြောင်



