စစ်ကိုင်းသတင်း

ကနီနဲ့ မင်းကင်းမှာ စစ်အုပ်စု စစ်ကြောင်းနဲ့ သင်္ဘောတွေကို တိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု ၂၀ ကျော် သေ၊ လက်နက်ခဲယမ်းတချို့ ရ၊

ဒေါ်လာ/MFP၊ ဇူလိုင် – ၁၃

စစ်ကိုင်းတိုင်း၊ ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ စစ်သင်္ဘော အပါအဝင် ရေယာဉ်တွေကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု ၂၀ ကျော် သေပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် – PDF၊ အမှတ် ၁ စစ်ဒေသ၊ ကလေးခရိုင် အမှတ် ၂ တပ်ရင်း (မင်းကင်း PDF)က သတင်း ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၁ရက်က ကနီမြို့နယ်၊ လာပို့ကျေးရွာက ထွက်လာပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စု ခြေမြန်တပ်ရင်း (ခမရ)  ၅၅၄က ဒု-တပ်ရင်းမှူး အောင်ကိုကို ဦးစီးတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်အုပ်စုကို ကိုးကြိမ်အထိ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၇ရက်မှာလည်း ကနီမြို့ဆိပ်ကမ်းကတဆင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ ဗိုလ်မှူးအဆင့် အောင်ဇေယျ ဦးစီးတဲ့ အင်အား ၂၅၀ ပါ စစ်အုပ်စုနဲ့ စစ်သင်္ဘော အပါအဝင် စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ် ၂၈ စီးကို သုံးကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါပစ္စည်းသယ် ဖလပ်မော်တော် သုံးစီးကို FPV ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ မင်းကင်း PDF က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေအတွင်း ဗိုလ်ကြီးအဆင့်နဲ့ ဗိုလ်အဆင့် အပါအဝင် စစ်အုပ်စု ၂၀ ကျော် သေကာ MA – 3 တစ်လက်၊ ဗုံးသီး၊ ကျည်၊ ယူနီဖောင်း၊ SPS110 Portable Jammer Gun တစ်လက် ၊ မိုင်းရှင်းစက် တစ်လုံး ၊ ဖောကား တစ်စီး၊ စစ်အုပ်စုရဲ့ ခိုးရာပါ ပြည်သူပိုင်ပစ္စည်းတွေဖြစ်တဲ့ ရွှေလက်ကောက် တစ်ကွင်း၊ ကား တစ်စီး၊ နွား ကိုးကောင်၊ လှည်း သုံးစီး ၊ မီးစက် တစ်လုံး စတာတွေ သိမ်းဆည်း ရရှိတယ်လို့ မင်းကင်း PDF က ဖော်ပြပါတယ်။

စစ်အုပ်စု စစ်ကြောင်းနဲ့ စစ်သင်္ဘော အပါအဝင် ရေယာဉ်တွေကို ကလေးခရိုင် PDF တပ်ရင်းတွေ ဖြစ်တဲ့ အမှတ် (၇/၈/၉/၁၀/၁၁)တပ်ရင်း ၊ မင်းကင်းမြို့နယ် ပကဖ ၊ ကလေးခရိုင် ဒရုန်းတပ်ဖွဲ့ ၊မင်းကင်းမြို့နယ် ပူးပေါင်း တပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က ထိခိုက် ကျဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ဧပြီလကစလို့ ကနီနယ်၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေသလို ဇွန်လကုန်ပိုင်းက စတင်ပြီး စစ်သင်္ဘောတွေ အပါအဝင် ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ် အစီး ၄၀ ကျော်ဟာ မန္တလေးကနေ မုံရွာကတဆင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေတာ ဖြစ်ပါတယ်။

ကနီနယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ကျေးရွာ ၁၈ရွာခန့်က သောင်းချီတဲ့ပြည်သူတွေ စစ်ဘေးရှောင်နေရတာ လနဲ့ချီ ကြာမြင့်နေပြီဖြစ်သလို ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်အုပ်စု ရေယာဉ်တွေက မြစ်ကမ်းဘေး ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်လို့ မြစ်ရိုးတလျှောက်ရှိ ကျေးရွာတွေက သောင်းချီတဲ့ ပြည်သူတွေလည်း စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

ကနီနဲ့ မင်းကင်းမှာ စစ်အုပ်စု စစ်ကြောင်းနဲ့ ရေယာဉ်တွေကို တိုက်ခိုက်ရာက သိမ်းဆည်းရရှိတဲ့ လက်နက်နဲ့ စစ်အုပ်စု ခိုးယူလာတဲ့ ပြည်သူပိုင် ပစ္စည်းတွေ/Photo – မင်းကင်း PDF

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အညာ #ချင်းတွင်း #စစ်ရေယာဉ်

Related Articles

Back to top button