
လျှပ်စစ်၀န်ထမ်းတွေက မီတာယူနစ် မဖတ်ဘဲ စိတ်ထင်တိုင်း တောင်းယူလို့ မြို့ခံတွေ အခက်တွေ့၊
မာကျူရီ/MFP၊ ဇူလိုင် – ၁၃
စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ အာဏာသိမ်း စစ်အုပ်စုရဲ့ လျှပ်စစ်၀န်ထမ်းတွေက အိမ်တိုင်းစေ့ လျှပ်စစ်မီတာ ယူနစ်တွေ လိုက်မဖတ်ရဲသေးပေမယ့် မြို့ခံတွေကို ခြိမ်းခြောက် အကြပ်ကိုင်ကာ မီတာ ယူနစ်တွေ ဓာတ်ပုံရိုက် ယူလာခိုင်းပြီး ငါးနှစ်စာ ပေးဆောင်ခိုင်းနေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စု လက်နက်ကိုင် စစ်သား၊ ရဲ၊ ပျူစောထီးနဲ့ သတင်းပေးတွေ ပါ၀င်တဲ့အဖွဲ့က မုံရွာမြို့ပေါ် ရပ်ကွက်တွေအတွင်း လှည့်လည်ကာ ငါးနှစ်စာ မီတာခတွေ လာရောက် ပေးဆောင်ခိုင်းနေပြီး မီတာခ ပေးဆောင်မှု မရှိတဲ့ နေအိမ်နဲ့ အလုပ်ရုံတွေကို မီတာပုံး ဖြုတ်တာ၊ လျှပ်စစ်မီးကြိုး ဖြတ်တာတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ မီတာခ ပေးဆောင်ဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို မီတာခ ပေးဆောင်ရာမှာ စစ်အုပ်စု ဝန်ထမ်းတွေက စနစ်တကျ တွက်ချက်တာ မရှိဘဲ စိတ်ထင်တိုင်း ငွေကြေးတောင်းယူကာ အလွဲသုံးစား ပြုလုပ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အာဏာသိမ်းပြီး ကတည်းက မီတာခ မဆောင်ကြတာလေ၊ အဲ့ဒါ သူတို့(စစ်တပ်)က ရပ်ကွက်တွေထဲ လိုက်စစ်တာ၊ မီတာခ မဆောင်တဲ့ အိမ်တွေဆို မီးကြိုးဖြတ်ချသွားကြတာ၊ အဲ့လိုကြ မဆောင်လို့ မရတော့ဘူး” လို့ မုံရွာမြို့ခံ ပြည်သူတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုက အုပ်စုဖွဲ့ လက်နက်ကိုင်ကာ ရပ်ကွက်တွေထဲ လှည့်လည်ခြိမ်းခြောက်၊ မီးတာခ လိုက်တောင်းနေပြီး မီတာခ ပေးဆောင်သူတွေကိုလည်း အမှန်တကယ် အသုံးပြုထားတဲ့ ယူနစ် အတိုင်း မကောက်ခံဘဲ စိတ်ထင်တိုင်း ငွေတောင်းယူနေတာလို့ နောက်ထပ် မြို့ခံတစ်ဦးက ပြောပါတယ်။
“အိမ်က မိတာမှာက ယူနစ် တစ်ထောင်ကျော်ပဲ ရှိတာ၊ အာဏာသိမ်းပြီးမှ မီတာရတာ၊ အိမ်က ဘာမှ မသုံးဘူး၊ ရေမော်တာနဲ့ မီးထွန်းရုံပဲ၊ ထမင်းပေါင်းအိုးတို့၊ ဒယ်နီတို့လည်း မချက်ဘူး၊ မီတာစစ်ခိုင်းတော့ ယူနစ်က ရှစ်ထောင်နဲ့ တွက်ထားတာ”

မုံရွာမြို့နယ် လျှပ်စစ်ရုံးဟာ သာမန်မြို့ခံ ပြည်သူတွေအပေါ် မီတာယူနစ်တွေ အဆမတန် တိုးမြှင့် တောင်းယူနေပေမယ့် စစ်အုပ်စုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း မိသားစုတွေကိုတော့ မီတာယူနစ် လျော့ပေါ့ပြီး ကောက်ခံမှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက အများနည်းတူ မီတာခမပေးဆောင်ဘဲ နေခဲ့ပေမယ့် မုံရွာမြို့ရှိ စစ်အုပ်စုနဲ့ ပတ်သက်မှု ရှိတဲ့ နေအိမ်မိသားစုတွေမှာ လေးနှစ်ကျော်အတွက် လျှပ်စစ်မီတာခ ကျပ် သောင်းဂဏန်းသာ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
“အာဏာသိမ်းကတည်းက မီတာခ မဆောင်ခဲ့ဘူး၊ လေးနှစ်ကျော်တယ်၊ တစ်အိမ်လုံး အဲယားကွန်း သုံးတယ်၊ ထမင်း၊ဟင်း ချက်တယ်၊ အဲ့ဒါကို ငါးသောင်းကျော်ပဲကျတာ” လို့ စစ်တပ်နဲ့ နီးစပ်တဲ့ မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မုံရွာမြို့နယ် လျှပ်စစ်ရုံးရှိ စစ်အုပ်စု ၀န်ထမ်းတွေဟာ နေအိမ်တွေအထိ သွားရောက်ကာ မီတာယူနစ် ဖတ်တာ မဟုတ်ဘဲ ပြည်သူလူထုကို မီတာယူနစ် ဓာတ်ပုံရိုက်ယူလာခိုင်းပြီး ပေးဆောင်စေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြို့ခံပြည်သူလူထုအနေနဲ့ နေအိမ်မှာ အသုံးပြုထားတဲ့ မီတာယူနစ်ကို ဓာတ်ပုံရိုက်ယူသွားပြီး မီတာခ ပေးဆောင်ရာမှာ လျှပ်စစ်ရုံးက တွက်ချက်ကောက်ယူတဲ့ ယူနစ်နဲ့ ကွဲလွဲမှုတွေ အများအပြား ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“သူတို့ (လျှပ်စစ်၀န်းထမ်း) က ယူနစ်တွေ မှားတွက်ကြတာ၊ ….။ သူတို့ လာစစ်တာလည်း မဟုတ်ဘူး၊ ကိုယ့်အိမ်က မီတာပုံးကို ကိုယ့်ဘာသာ ဓာတ်ပုံရိုက်ပြီး ပုံထုတ်ပြီး ပြရတာကို အဲ့လို လုပ်ကြတာ၊ အမှန် မဟုတ်ဘူးရယ်၊ သူတို့ တောင်းချင်သလို တောင်းနေတာ” လို့ ယူနစ်လေးသောင်းကျော် ပိုမို ပေးဆောင်ခဲ့ရတဲ့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကတည်းက မုံရွာတမြို့လုံး လျှပ်စစ်မီတာခ မပေးဆောင်းခဲ့ဘဲ CDM ပြုလုပ်ခဲ့ကြပြီး လက်ရှိမှာတော့ စစ်အုပ်စုက မုံရွာမြို့ကို ပြန်လည် ကြီးစိုးထိန်းချုပ်နိုင်ပြီးနောက် ငါးနှစ်စာ မီတာခတွေကို ခြိမ်းခြောက်တောင်းယူနေတာ ဖြစ်ပါတယ်။

မုံရွာမြို့မှာ ငါးနှစ်စာ လျှပ်စစ်မီတာခ ခြိမ်းခြောက်ကောက်ယူနေတဲ့ စစ်အုပ်စုကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မုံရွာ #လျှပ်စစ်မီတာခ



