စစ်ကိုင်းသတင်း

ကနီမှာ စစ်အုပ်စုက ရွာတွေ စီးနင်း ခိုးယူနေပြီး ဖမ်းမိတဲ့ ပြည်သူတချို့ကို မသတ်ဘဲ ချော့မော့ စည်းရုံး၊

မုံရွာ – ယာကြီး – ကလေးဝလမ်းပိုင်းကို ထိမ်းချုပ်နိုင်ဖို့ စစ်အုပ်စု ကြိုးစားနေ၊

သုထက်/MFP၊ ဇူလိုင် – ၁၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲ သင်္ကြန်အပြီး ဧပြီလက စတင်ကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ပြည်သူပိုင်ပစ္စည်းတွေကို လိုက်လံခိုးယူနေဆဲ ဖြစ်ပြီး ဖမ်းမိတဲ့ ပြည်သူတွေကိုတော့ မသတ်ဘဲ ချော့မော့စည်းရုံးကာ ပြန်လွှတ်ပေးတာတွေ လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇူလိုင် ၁၁ရက် မနက်ပိုင်းက ကနီနယ်က ယက္ကန်းတိုင်ရွာကို စစ်အုပ်စု ရုတ်တရက် ဝင်စီးရာ ရွာခံတွေနဲ့ စစ်ရှောင်ပြည်သူတွေ ပိတ်မိကာ ဖမ်းဆီးခံရပြီး စစ်အုပ်စုက ပြည်သူတွေကို မသတ်ဘဲ ချော့မော့စည်းရုံးကာ ညနေပိုင်းမှာ ပြန်လွတ် ပေးပြီးနောက် ကျေးရွာအတွင်းရှိ စျေးဆိုင်နဲ့နေအိမ်တွေကို ဖောက်ထွင်းလုယက်ကာ ခိုးရာပါပစ္စည်းတွေနဲ့အတူ ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

“စစ်ရှောင်တွေကိုတော့ စည်းရုံးရေးစကားပဲ ပြောပြီး ရွာတွေ ပြန်ကြဖို့ ပြောတယ်။ ရန်မပြုဘူး၊ အေးဆေး ပြန်ကြဖို့ပဲ ပြောသွားတယ်၊ ရွာထဲက ပစ္စည်းတွေကိုတော့ ခိုးယူသွားတယ်”လို့ ဒေသခံ စစ်ရှောင်အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ သင်္ကြန်ကာလအပြီး ဧပြီလကတည်းက ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး တွေ့သမျှပြည်သူကို ဖမ်းဆီးကာ ဓားစာခံ လူသားဒိုင်းကာအဖြစ် အသုံးချတာ၊ ခိုးရာပါ ပစ္စည်း သယ်ယူထမ်းပိုးခိုင်းတာ၊ စိတ်ထင်တိုင်း သတ်ဖြတ်တာ၊ နေအိမ် မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ယက္ကန်းရွာကို စီးနင်းလုယက်တဲ့ စစ်အုပ်စုက လူသတ်၊ မီးရှို့တာမျိုး သူတို့အဖွဲ့က မလုပ်ဘဲ ယခင်စစ်ကြောင်းတွေကသာ လုပ်ဆောင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ဒေသခံပြည်သူကို ချော့မော့စည်းရုံးကာ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

ကနီနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ အင်အား၂၅၀ လောက်နဲ့ ချောင်းမရွာထဲ တပ်စွဲ နေရာယူထားပြီး ရိက္ခာပြတ်ပြီး ငတ်လာတိုင်း အနီးဝန်းကျင် ကျေူရွာတွေကို စီးနင်းလုယက်၊ ဖောက်ထွင်းခိုးယူနေကာ ဖမ်းမိ ပြည်သူတွေကိုတော့ မသတ်ဘဲ ချော့မော့စည်းရုံးနေတာလို့ ဆိုပါတယ်။

“ရိက္ခာပြတ်တိုင်း ရွာတွေဝင်ပြီး ပတ်ခိုး၊ လုယက်နေတာ၊ ယက္ကန်းတိုင်ရွာဆို သိန်း ၁၅၀ဖိုးလောက် ရှိမယ်၊ စျေးဆိုင်တွေ ရှိတာတွေ ယူတယ်၊ ရွာထဲ အိမ်တွေက ဆန်၊ဆီတွေပါ သယ်သွားတာ” လို့ အထက်ပါ ဒေသခံ စစ်ရှောင်အမျိုးသားက ပြောပါတယ်။

ကနီနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ သင်္ကြန်ကာလနောက်ပိုင်း သုံးလတာအတွင်း ဒေသခံပြည်သူ လေးဦးကို ဖမ်းဆီး သတ်ဖြတ် စွန့်ပစ်ခဲ့ကာ ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး အနည်းဆုံး ရွာ ၂၀ ကိုလည်း ဖောက်ထွင်းခိုးယူ လုယက်ခဲ့ပြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီနယ်၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းတလျောက်ရှိ ချောင်းမရွာနဲ့ ကနီမြို့ထဲ စစ်အုပ်စုက အခြေပြု နေရာယူကာ ခိုးရာပါ ပစ္စည်းတွေကို ယင်းမာပင်နယ် ဘန့်ဘွေးရာ ပျူစခန်းထဲ စုဆောင်းထားပြီး လူအချိန်းအပြောင်း လုပ်ချိန်တိုင်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကို သယ်ထုတ်နေတာလို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုက စစ်ကြောင်းထိုး၊ လုယက်၊ လူသတ်၊ ဗုံးကြဲတာတွေလည်း ဆက်လက် ကျူးလွန်နေပြီး ဇူလိုင် ၁၂ရက် မနက်ပိုင်းကလည်း ကနီနဲ့ မင်းကင်းနယ်အစပ်၊ အောင်မင်္ဂလာရွာနဲ့ အနီးရှိ စစ်ရှောင်တဲတွေကို ရဟတ်ယာဉ်နဲ့ ဗုံးပတ်ကြဲခဲ့ပါသေးတယ်။

စစ်အုပ်စုက ဒေသခံတချို့ကို ချော့မော့စည်းရုံးနေပေမဲ့ လူသတ်၊ လုယက်၊ မီးရှို့နေဆဲမို့ ကနီနယ်ရှိ ချောင်းမ၊ ချင်းတောင်၊ သင့်ဝင်၊ မင်းမ၊ ဇီးပင်တွင်း၊ လင်ပုန်းရည်၊ အောင်မင်္ဂလာ စတဲ့ ကျေးရွာ ၁၀ ရွာကျော်က ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ သုံးလနီးပါးရှိလာပြီး စားသောက်နေထိုင်ရေး ခက်ခဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ အိန္ဒယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းရဲ့ အရေးပါတဲ့ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ကနီမြို့နယ်ထဲ လနဲ့ချီကြာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ကနီနယ်ထဲ စစ်ကြောင်းထိုးကာ ကျေးရွာတွေကို စီးနင်းပြီး ဖောက်ထွင်းခိုးယူ၊ လူသတ်၊ မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ရစဉ်/ Photo – Pyae Aung Naing

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ယင်းမာပင် #စစ်ကိုင်း #ကနီ

Related Articles

Back to top button