စစ်ကိုင်းသတင်း

ခင်ဦးမှာ စစ်အုပ်စု ဗုံးကြဲလို့ ဒေသခံနှစ်ဦး ထိခိုက်ပြီး နေအိမ်အလုံး၂၀ ပျက်စီး၊ငါးရက်အတွင်း ဗုံးနှစ်ကြိမ်ကြဲထားပြီး ထိခိုက်သူ ခုနှစ်ဦးအထိရှိလာ

MN/MFP ၊ ဇူလိုင် – ၁၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်မှာ စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့သလို ရော့ကတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရပြီး၊ နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ခင်ဦးမြို့နယ်အရှေ့ခြမ်းရှိ ငါးတင်းကြီးကျေးရွာကို ဇူလိုင်လ ၁၃ရက် မနေ့က နေ့လယ် ၃ နာရီခွဲ ဝန်းကျင်မှာ မန္တလေး၊ တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ နှစ်စင်းနဲ့ သုံးကြိမ် ဗုံးကြဲပစ်ခတ်သွားခဲ့တာပါ။

မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေကို ဦးတည် တိုက်ခိုက်ခဲ့တာလို့ ခင်ဦးနယ်ခံ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“မြေပြင်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိပါဘူးဗျ။ ပြည်သူတွေနေထိုင်ရာ နေရာကို လေကြောင်းကနေ တမင်လာရောက်ပြီးတော့ ပစ်ခတ်သွားတာပါ။ ပစ်တာကတော့ သုံးကြိမ်ပါ။ နှစ်ကြိမ်က ဗုံးသီးချတယ်။ တစ်ကြိမ်ကတော့ ရော့ကတ်၊ စက်လက်တွေနဲ့ ပစ်ခတ်သွားတာပါ။ ထိခိုက်ဒဏ်ရာရသူတွေကတော့ အမျိုးသား တစ်ဦးနဲ့ အမျိုးသား တစ်ဦး ထိခိုက်သွားတာပါ။ သူတို့ကတော့ လက်ရှိမှာ ဆေးဝါးပကုသမှု ခံယူနေဆဲပါဗျ”လို့ သူကဆိုပါတယ်။

အဲဒီဗုံးကြဲပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးဒဏ်ရာရခဲ့သလို နေအိမ်အလုံး ၂၀ ပျက်စီးပြီး စက်သုံးဆီပေပါတွေ အပါဝင် ကားနဲ့ ဆိုင်ကယ်တွေလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ ခင်ဦးမြို့နယ်ထဲမှာ အသေခံ ဒရုန်းအပါဝင် လေကြောင်းဗုံးကြဲတာတွေကို မကြာခဏ လုပ်နေပြီး ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း ခင်ဦးနယ်အနောက်ခြမ်းရှိ သာဝတ္ထိကျေးရွာကို အသေခံ ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ဒေသခံ ငါးဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လဆန်းကလည်း ခင်ဦးမြို့နယ် စည်ပုတ္တရာကျေးရွာဘုန်းကြီးကျောင်းကို အသေခံ ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ သက်ကြီးရွယ်အိုနှစ်ဦး သေဆုံးခဲ့သလို မေလတတိယပတ်အတွင်းမှာလည်း အသေခံဒရုန်းတွေနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့လို့ အရပ်သားလေးဦး သေဆုံးကာ နေအိမ်အလုံး ၂၀ကျော် ပျက်စီးခဲ့ပြီး ဒဏ်ရာရသူတချို့လည်း ရှိခဲ့ပါတယ်။

စစ်အုပ်စုဟာ ခင်ဦးမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းဘေးဝဲယာနဲ့ အနီးဝန်းကျင် ကျေးရွာတွေကို ဗုံးကြဲပစ်ခတ်နေတာကြောင့် ခရီးသွားပြည်သူတွေအပါဝင် အရပ်သား ထိခိုက်သေဆုံးတာတွေ မကြာခဏဆိုသလို ဖြစ်ပေါ် နေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်အုပ်စုဟာ အာဏာသိမ်းချိန်ကနေ ၂၀၂၆ခုနှစ် မေလအထိ တစ်နိုင်ငံလုံးမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၅၅၀၀ ကျော်( အကြိမ်ရေအားဖြင့် ၁၂၀၀၀ကျော်) အထိရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ ကလေးငယ် ၇၆၀ အပါအဝင် အပြစ်မဲ့ပြည်သူ ၅၇၀၀ ကျော်အသက်ဆုံးရှုံးခဲ့ပြီး ၉၅၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၁၃ရက်နေ့က ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်သွားစဉ်/ ဓာတ်ပုံ- ဒေသခံ

Related Articles

Back to top button