မကွေးသတင်း

မင်းတပ်နဲ့ ကန်ပက်လက် တိုက်ပွဲ အထိနာနေတဲ့ စစ်အုပ်စုက မန္တလေးနဲ့ မကွေးကနေ စစ်ကူ ရာချီ ထပ်ပို့၊

‌အီသာရမ်/MFP၊ ဇူလိုင်-၁၄

ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေ ပြန်ရရေးအတွက် ပေါ်တာဆွဲ စစ်သားသစ်တွေကို အသုံးပြုကာ ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စုက တိုက်ပွဲအတွင်း အထိနာ အသေများတာကြောင့် မန္တလေးနဲ့ မကွေးကနေတဆင့် နောက်ထပ် ရာနဲ့ချီတဲ့ စစ်ကူအင်အားတွေ ထပ်မံ ပို့ဆောင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့ ပြန်ရရေးအတွက် မန္တလေးနန်းတွင်းအခြေပြု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ အပါအဝင် တိုင်းစစ်ဌာနချုပ် ငါးခုရဲ့ လက်အောက်ရှိ တပ်မ ငါးခုကနေ အင်အား ၁၀၀၀ ကျော်ကို မိတ္ထီလာမြို့ တပ်မ ၉၉ ခေါ် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်မှာ စုဆောင်းပြီးနောက် အဲ့ဒီကနေတဆင့် မကွေးတိုင်းကို ဖြတ်ကာ ချင်းပြည်တောင်ပိုင်းကို ပို့လွှတ်ပြီးနောက် ထိုးစစ်ဆင်နေတာလို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ပကဖ မကွေးတိုင်းက ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ မေလကစလို့ မကွေးနဲ့ ချင်းပြည်အစပ်၊ ဂန့်ဂေါခရိုင်၊ ယောဒေသ၊ ဆောမြို့နယ်ထဲ စစ်အင်အား ထောင်နဲ့ချီ အခြေပြုကာ ချင်းပြည်၊ ကန်ပက်လက်နဲ့ မင်းတပ်မြို့ကို ထိုးစစ်ဆင်နေတာ ဖြစ်ပြီး လက်ရှိမှာ နောက်ထပ် စစ်ကူအင်အား ၇၀၀ ခန့်ကို မကွေးတိုင်း၊ ပေါက်နဲ့ စလင်းမြို့နယ်တွေကနေတဆင့် ဆောမြို့နယ်ထဲ ထပ်ပို့နေတာလို့ ဆိုပါတယ်။

အင်အား ၄၀၀ ခန့်ပါ စစ်အုပ်စုဟာ ပေါက်မြို့နယ်ကတဆင့် ဆောမြို့နယ် ကျောက်ထုမြို့ဆီ ဦးတည်ကာ ပုံတောင်လမ်းကနေ စစ်ကြောင်းထိုးလာခဲ့တာ ဖြစ်ပြီး‌ ဇူလိုင် ၁၂ရက်က ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက တစ်ရက်ကျော်က တော်တော် ဖြစ်တယ်၊ ပေါက်ကလာတဲ့ စစ်ကြောင်းနဲ့ ဖြစ်တာ အခုဆိုရင်တော့ (စစ်ကြောင်းက) ကျောက်ထု ဝင်လောက်ပြီ” လို့ ဒေသခံက MFP ကို ပြောပါတယ်။

အဲ့ဒီ ပေါက်မြို့နယ်ကနေ ကျောက်ထုမြို့ဆီကို ဦးတည်တဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ပုံတောင်လမ်း တိုက်ပွဲအတွင်း စစ်အုပ်စု ဆယ်နဲ့ချီ သေကာ သုံ့ပန်းတွေလည်း ဖမ်းမိတယ်လို့ သတင်းထွက်ပေမယ့် MFP အနေနဲ့ အတည်ပြုလို့ မရသေးသလို တော်လှန်ရေးတပ်တွေကလည်း သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

တချိန်တည်းမှာပဲ မကွေးမြို့ကတဆင့် စလင်းမြို့နယ်ကနေလာတဲ့ ကား အစီးရေ ၅၀ ခန့် အပါအဝင် စစ်အုပ်စု စစ်ကူ စစ်ကြောင်းဟာလည်း ဆောမြို့နယ် လောင်းရှည်မြို့ဆီ ဦးတည်နေပြီး အဲ့ဒီကတဆင့် ချင်းပြည် ကန်ပန်လက်မြို့ကို ဆက်လက် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဆောမြို့နယ်ထဲ အခြေပြုကာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ ပြန်ရရေးအတွက် မေလကစတင်ကာ ထိုးစစ်ဆင် လာတဲ့ စစ်အုပ်စုကို ချင်းပြည်သူ့တပ်မတော် (CPA)၊ အာရက္ခတပ်တော်(AA)၊ ယောဒေသ တော်လှန်ရေးတပ်တွေ ဖြစ်တဲ့ ယောကာကွယ်ရေးတပ် (YDF)၊ ယောတပ်တော် (YA) အပါအဝင် ဒေသခံ တော်လှန်ရေး မဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ ချင်းနဲ့ မကွေးအစပ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ မေ ၁၆ ရက်က စတင်ကာ တစ်လ‌ကျော်အကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ရာနဲ့ချီ သေကာ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိထားတယ်လို့ ချင်းပြည်သူ့အစည်းအရုံး (CPU) က ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

“တချို့ကျတော့လည်း သူတို့အလောင်း ပြန်သယ်သွားတာ ရှိတယ်။ တချို့ကျတော့ သူတို့ ကျောက်ထု ရပ်ကွက်မှာ သဂြိုဟ်တာတွေ ရှိတယ်။ ရာထူးတွေတော့ အသေအချာ မသိဘူး။ ဒါပေမယ့် ထိခိုက် ဒဏ်ရာရတာ ကျဆုံးတာတော့ သူတို့ရဲ့ သတင်းတွေရော ဘာရောညာရော‌ဆိုတော့ ထိခိုက်ဒဏ်ရာရ ကျဆုံးတာတွေ အကုန်လုံး ပေါင်းလိုက်ရင် တစ်ရာနှစ်ရာတော့ ကျော်တယ် ခင်ဗျ”လို့ CPU အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမန်က MFP ကို ပြောပါတယ်။

စစ်အုပ်စု အထိနာ အသေများပေမယ့် ရှေ့ဆက်တိုးနိုင်ရေး ဆက်လက် ထိုးစစ်ဆင်လို့ တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားနေတယ်လို့ CPU က ဆိုပါတယ်။

မြေပြင်တိုက်ပွဲ အထိနာတဲ့ စစ်အုပ်စုဟာ နောက်ထပ် ရာနဲ့ချီတဲ့ စစ်ကူအင်အားတွေ ထပ်မံ ပို့လွှတ်နေသလို ချင်းနဲ့ မကွေးအစပ် အပါအဝင် မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို လေကြောင်းကနေလည်း နေ့စဉ်နီးပါး ဗုံးကြဲနေပြီး ဗုံးထိမှန်လို့ အရပ်သားပြည်သူထိခိုက်သေဆုံးတာ၊ အိုးအိမ်ပျက်စီးတာတွေ နေ့စဉ် ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ဆောမြို့နယ်အတွင်းရှိ တပြင်း၊ ကျောက်ထုနဲ့ လောင်းရှည်စတဲ့ မြို့၊ရွာတွေမှာ အခြေပြုပြီး အနီးဝန်းကျင် ရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့တာ၊ စစ်ကူစစ်ကြောင်းတွေက လမ်းတလျှောက် မြို့၊ရွာတွေကို စီးနင်းပြီး ပြည်သူကို ရန်ပြုတာကြောင့် ဆောမြို့နယ်အတွင်းရှိ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြရပါတယ်။

ဆောမြို့နယ် ကျေးရွာ ၁၂ ရွာက ပြည်သူတွေဟာ စစ်ဘေး​ရှောင်နေကြရတာ နှစ်လခန့် ကြာမြင့်နေပြီ ဖြစ်ပြီး စားသောက်နေထိုင်ရေး ခက်ခဲနေသလို စစ်အုပ်စု ရန်ကြောင့် စိုက်ပျိုးပြီး သီးနှံတွေ ရိတ်သိမ်းခွင့်မရတာ၊ သီနှံစိုက်ပျိုးခွင့်မရတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်တောင်ပိုင်းရှိ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ၂၀၂၄ ကတည်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက် တိုက်ပွဲတွေအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်တွေ/ ဓာတ်ပုံ- ချင်းပြည်သူ့တပ်မတော်(CPA)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မင်းတပ် #ကန်ပက်လက် #ချင်းပြည်

Related Articles

Back to top button