စစ်ကိုင်းသတင်း

မုံရွာ အရာတော်မှာ စစ်အုပ်စုက လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲသတ်လို့ မီးဖွားကာနီး ကိုယ်ဝန်ဆောင်နဲ့ ဗိုက်ထဲက ကလေး အပါအဝင် သုံးဦး သေဆုံး၊

ဒေါ်လာ/MFP၊ ဇူလိုင် – ၁၄

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ကံရင်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်ကို အာဏာသိမ်း စစ်အုပ်စုက အကြောင်းမဲ့ ဗုံးကြဲသတ်လို့ မီးဖွားကာနီး ကိုယ်ဝန်ဆောင်နဲ့ ဗိုက်ထဲက ကလေးတို့ အပါအဝင် သုံးဦး သေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရတယ်လို့ သတင်း ရရှိပါတယ်။

ဇူလိုင် ၁၄ရက် ဒီကနေ့ ညနေပိုင်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ တက်လာတဲ့ Gyro စက်ရုပ်လေထီးခေါ် ဂျိုင်အိုကော်ပတာ (Gyrocopter) သုံးစီးနဲ့ အရာတော်နယ် အရှေ့တောင်ခြမ်းရှိ ကံရင်းရွာ လက်ဖက်ရည်ဆိုင်ကို အကြောင်းမဲ့ ဗုံးကြဲသတ်တာလို့ နွေဦးရောင်နီ အဖွဲ့က ဖော်ပြပါတယ်။

“ကံရင်းရွာ {လက်ဘက်ရည်ဆိုင်}အား တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ လေကြောင်း တိုက် ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင် အမျိုးသမီးနှင့်အတူ မမွေးဖွားရသေးသည့် ဗိုက်ထဲရှိ ကလေး ငယ်နှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားခဲ့ပြီး အမျိုးသားတစ်ဦး စိုးရိမ်ရသည့် ထိခိုက် ဒဏ်ရာ ရရှိခဲ့” လို့ နွေဦးရောင်နီက ဖော်ပြပါတယ်။

ဗုံးထိမှန်လို့ မီးဖွားကာနီး ကိုယ်ဝန်ဆောင်မိခင်နဲ့ ဗိုက်ထဲက ကလေးငယ်တို့ နှစ်ဦး၊ နောက်ထပ် အမျိုးသမီးတစ်ဦး၊ သုံးဦး သေဆုံးပြီး ဒဏ်ရာရသူက သက်ကြီးပိုင်း အမျိုးသားကြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲလုပ်ပြီးနောက် စစ်ယူနီဖောင်းချွတ်ကာ ပုဆိုးပြောင်းဝတ်ထားပေမယ့် နိုင်ငံတဝန်း လူသတ်၊ လုယက်၊ မီးရှို့တာတွေကို ထင်တိုင်းကျဲ ဆက်လက် ကျူးလွန်နေတာ ဖြစ်ပြီး မင်းအောင်လှိုင် ပုဆိုးပြောင်းဝတ်တဲ့ ဧပြီ ၂၀ရက်ကနေ ဇွန် ၃၀ရက်အထိ ရက် ၇၀အတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု အကြိမ် ၁၁၄၀ ကျော် ကျူးလွန်ခဲ့ရာ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၇၇ ဦး သေဆုံးတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မုံရွာ အရာတော်နယ်မှာ စစ်အုပ်စုက လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲသတ်လို့ သေဆုံးတဲ့ မီးဖွားကာနီး ကိုယ်ဝန်ဆောင်မိခင်နဲ့ ဗိုက်ထဲက ခွဲထုတ်ထားတဲ့ ကလေးငယ်/Photo – နွေဦးရောင်နီ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အညာ #အရာတော် #ကိုယ်ဝန်ဆောင်မိခင်

Related Articles

Back to top button