
Phoenix/MFP၊ ဇူလိုင် – ၁၆
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ကံရင်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်ကို အာဏာသိမ်း စစ်အုပ်စုက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအတွင်း မီးဖွားကာနီး ကိုယ်ဝန်ဆောင်မိခင်၊ ဗိုက်ထဲက မမွေးဖွားရသေးတဲ့ ကလေးငယ် အပါအဝင် သေဆုံးသူ လေးဦးအထိ ရှိလာပြီ ဖြစ်တယ်လို့ ဒေသခံမြေပြင်ကင်းထောက် နွေဦးရောင်နီ သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက MFP ကို ပြောပါတယ်။
ဇူလိုင် ၁၄ ရက် ညနေပိုင်းက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က တက်လာတဲ့ ဂျိုင်ရိုကော်ပတာ သုံးစင်းနဲ့ အရာတော်မြို့နယ် အရှေ့တောင်ခြမ်းရှိ ကံရင်းကျေးရွာ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး မီးဖွားကာနီး ကိုယ်ဝန်ဆောင် အမျိုးသမီး၊ ဗိုက်ထဲက မမွေးဖွားရသေးတဲ့ ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦးတို့ နေရာမှာတင် သေဆုံးခဲ့သလို အမျိုးသားတစ်ဦးလည်း စိုးရိမ်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီ ဒဏ်ရာရ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားဟာ ဆေးကုသဖို့ ကြိုးစားရင်း ဇူလိုင် ၁၅ရက် မနေ့က သေဆုံးသွားတာ ဖြစ်ပြီး လက်ရှိမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ လေးဦးအထိ ရှိလာတာ ဖြစ်ပါတယ်။
“သေဆုံးသူတွေက ဆိုင်မိသားစုဝင် ပြည်သူတွေပဲ ဖြစ်ပါတယ်” လို့ နွေဦးရောင်နီ သတင်းမှန် ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီနေ့က ကံရင်းရွာဘက် တော်လှန်ရေး အင်အားစုတချို့ လာရောက်ခဲ့တာ ရှိပေမယ့် တိုက်ပွဲမရှိဘဲ၊ တော်လှန်ရေး အင်အားစုတွေ စခန်းချနေထိုင်တာ မရှိဘဲ စစ်အုပ်စုက လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲသတ်တာလို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ကံရင်းကျေးရွာက ဒေသခံတွေ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို စိုးရိမ်နေကြရဆဲလို့ ဆိုပါတယ်။

မြန်မာအင်တာနက်ပရောဂျက် (MIP) ရဲ့ ၂၀၂၆ ခုနှစ် အစီရင်ခံစာအရ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း လေကြောင်းဗုံးကြဲ သတ်ဖြတ်မှုတွေ နေ့စဉ်ကျူးလွန်ရာမှာ စစ်ကိုင်း၊ ရခိုင်နဲ့ မကွေးတိုင်းတို့ရှိ အရပ်သားပြည်သူကို အဓိကပစ်မှတ်ထား ကျူးလွန်နေတယ်လို့ ဖော်ပြပါတယ်။ ဧပြီလကနေ ဇွန်လအတွင်း မှတ်တမ်းတင်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု ၅၂၀ ကြိမ်အနက် ၅၁၀ ကြိမ်ဟာ ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဒေသတွေမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲ လုပ်ပြီး မင်းအောင်လှိုင် ဘောင်းဘီချွတ်ကာ ပုဆိုး ပြောင်းဝတ်တဲ့ ဧပြီကနေ ဇွန်လကုန်အထိ ရက် ၇၀ ကျော်အတွင်း အညာဒေသ (စစ်ကိုင်း၊ မကွေး၊ မန္တလေး) အပါအဝင် နိုင်ငံတဝန်း စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၂၇၇ ဦး သေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားပါတယ်။

NUG ရဲ့ အချက်အလက်တွေအရ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယူနီဖောင်းပြောင်းဝတ်တဲ့ ကာလအတွင်း နိုင်ငံတဝန်း လူသတ်၊ လုယက်၊ မီးရှ်ု့၊ ဗုံးကြဲစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၁,၀၄၅ ကြိမ် ကျူးလွန်ခဲ့တဲ့ မကွေးတိုင်းထဲ ၁၉၉ ခုနဲ့ ထိပ်ဆုံးကဖြစ်ပြီး စစ်ကိုင်းက ၁၄၈ ခု၊ မန္တလေးက ၁၄၄ ခုနဲ့ အဆိုးရွားဆုံး ပစ်မှတ်တွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။


မုံရွာ အရာတော်နယ်မှာ စစ်အုပ်စုက လက်ဖက်ရည်ဆိုင်ကို ဗုံးကြဲသတ်လို့ သေဆုံးတဲ့ မီးဖွားကာနီး ကိုယ်ဝန်ဆောင်မိခင်နဲ့ ဗိုက်ထဲက ခွဲထုတ်ထားတဲ့ ကလေးငယ်/Photo – နွေဦးရောင်နီ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #အညာ #အရာတော် #ကိုယ်ဝန်ဆောင်မိခင်



