
MFP၊ ဇူလိုင် – ၁၆
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဇူလိုင်လ ၁၅ ရက်နေ့မှာ စစ်အုပ်စုက ဖယ်ရှားလိုက်တယ်လို့ သပိတ်ကျင်းဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက တကောင်းမြို့အဝင်မုခ်ဦးနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးမှာ ထားရှိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်တုကို ဇူလိုင်လ ၁၅ ရက်နေ့ညမှာ ဖယ်ရှားခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုက ဗိုလ်ချုပ်ကြေးရုပ်ကို ဖျက်ဆီးဖယ်ရှားတဲ့အပြင် PDF ရဲဘော်မိသားစုတွေရဲ့ နေအိမ်တချို့ကိုလည်း ချိတ်ပိတ်မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တကောင်းမြို့အဝင် ဗိုလ်ချုပ်ကြေးရုပ်လည်း မနေ့ညကဖယ်လိုက်ပြီ ကြားတယ်။ ပြီးတော့ PDF မိသားစုပေါ့။ အိမ်ပြန်မလာနေလို့ဆိုပြီး ချိတ်ပိတ်လိုက်တယ် ကြားတယ်။ စစ်တပ်ဝင်စကတော့ ရက်တစ်ရာစီမံကိန်းဆိုပြီး PDFတွေ၊ မိသားစုတွေကို ပြန်ဝင်ဖို့၊ သူတို့ဘက်ဝင်ဖို့ ခေါ်ခဲ့တာ။ အခုက ရက်တစ်ရာပြည့်လို့ပဲလားတော့ မသိဘူး”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေ တစ်နှစ်ခွဲခန့်ထိမ်းချုပ်ခဲ့တဲ့ တကောင်းမြို့ကို ၂၀၂၆ ခုနှစ် မတ်လမှာ စစ်အုပ်စုက ပြန်လည်း သိမ်းယူသွားတာဖြစ်ပါတယ်။
လတ်တလောမှာတော့ တကောင်းမြို့အရှေ့ဘက် တောတိုက်တွေမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ မကြာခန ထိတွေ့တိုက်ပွဲဖြစ်ပွါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တကောင်းမြို့နဲ့ အနီးတဝိုက်မှာလည်း ဒေသခံတွေကို စစ်အုပ်စုက ကင်းစောင့်ခိုင်းတာ၊ လုံခြုံရေးတင်းကြပ်တာ၊ စစ်ဆေးတာတွေရှိတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ မြို့နယ် ၁၀၀ ကျော်က ဗိုလ်ချုပ်ရုပ်ထုတွေကို စစ်ဆေးပြီး ပုံစံမမှန်တဲ့ရုပ်ထုတွေကို ဖယ်ရှားတယ်လို့ အကြောင်းပြထားပေမယ့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံနံပါတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့က ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနဲ့ စာတမ်းကိုလည်း ဇွန်လ ညတစ်ညမှာ ဖြုတ်ယူသွားလို့ ဝေဖန်ခံခဲ့ရပါတယ်။
လက်ရှိအချိန်အထိလည်း စစ်အုပ်စုဟာ တစ်နိုင်ငံလုံးက ဗိုလ်ချုပ်ရုပ်ထု အနည်းဆုံး ၁၅ ခုလောက်ကို ဖျက်ဆီးဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
ဖျက်ဆီးဖယ်ရှားခံလိုက်ရတဲ့ တကောင်းမြို့အဝင်နားက ဗိုလ်ချုပ်ရုပ်ထု/ ဓာတ်ပုံ – ဒေသခံပေးပို့



