မန္တလေးသတင်း

မိုးကုတ်အနောက်ပိုင်းမှာ NLD အစိုးရလက်ထက်က စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ထုကို စစ်အုပ်စု ဖျက်ဆီးပြန်

နန်းယု/MFP၊ ဇူလိုင် – ၁၆

စစ်အုပ်စု ပြန်လည်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း (ကျပ်ပြင်ဒေသ)၊ မီးသတ်ရုံးအရှေ့မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ထုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးဖယ်ရှားခဲ့တယ်လို့ ရပ်ကွက်နေဒေသခံတွေက MFP ကို ပြောပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့ ည ၁၀ နာရီလောက်ကနေ မနက်အစောပိုင်း ၁ နာရီခွဲလောက်အထိ လက်နက်ကိုင် စစ်ယူနီဖောင်းဝတ်တွေ အပါအဝင် လူအင်အားဆယ်ဂဏန်းက ကရိန်းကားတွေသုံးပြီး ဗိုလ်ချုပ်ကြေးရုပ်ထုကို ဖျက်ဆီးဖယ်ရှားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“ကျပ်ပြင်မီးသတ်ရုံးရှေ့ တရုတ်ဘုံကျောင်းအရှေ့မှာ အင်အားလည်းများ၊ ကားတွေလည်းများ၊ ကရိန်းကားတွေရော ပါတယ်၊ ရုပ်ထုကိုဖျက်တာ။ မနေ့ညက တစ်နာရီခွဲမှပြီးတာ။ အဲ့ဒီအနားပတ်ဝန်းကျင်က လူတွေအကုန် ရဲစခန်းထဲခေါ်ထားပြီး အကုန်ပြီးမှပြန်လွှတ်တာ။ အဲဒီအနား မီးအမှောင်ချပြီး ဘယ်သူမှအပြင်မထွက်ဖို့ ည ၈ နာရီလောက်က လိုက်ပြောတာ။ ပတ်ပတ်လည် အစောင့်တွေချထားတာ။ ပစ်မိန့်ပါပေးထားတာ။ ဖျက်နေတဲ့အသံပဲ ကြားရတာ” လို့ အခြေအနေကိုသိတဲ့ ကျပ်ပြင်ဒေသခံတစ်ဦးက ပြောပါတယ်။

ရုပ်တုကို အပြီးဖယ်ရှားထားပြီး နေရာမှာ ဘာမှမကျန်တော့ပေမယ့် လုံခြုံရေးတော့ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဗိုလ်ချုပ်ကြေးရုပ်ကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့) မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုက ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို ဆက်တိုက်ဖယ်ရှားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထိရောက်စွာ အရေးယူနိုင်ရေးလုပ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဇူလိုင်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အချိုးအစားနဲ့ ပုံသဏ္ဍာန်မမှန်ကန်တဲ့ ရုပ်ထုတွေကို ဖယ်ရှားတာလို့ စစ်အုပ်စုဘက်က ပြောဆိုထားပေမယ့် မြေပြင်မှာတော့ အခုလို ဖယ်ရှားခံရတဲ့ ရုပ်ထု ၁၅ ခုကနေ ၂၀ လောက်အထိ ရှိလာပြီလို့ သိရပါတယ်။

ဖျက်ဆီးဖယ်ရှားခံလိုက်ရတဲ့ မိုးကုတ်မြို့က ဗိုလ်ချုပ်ရုပ်ထု/ ဓာတ်ပုံ – ဒေသခံပေးပို့

Related Articles

Back to top button