မကွေးသတင်း

မြိုင်မှာ စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ ပြည်သူတစ်ဦးရဲ့ အလောင်း ထပ်တွေ့ရပြီး သေဆုံး ပြည်သူ ငါးဦး ရှိလာ၊

မြိုင်နဲ့ပေါက်နယ်ထဲ စစ်အုပ်စု အင်အား ၁၀၀၀ လောက်နဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေ၊

‌အီသာရမ်/MFP၊ ဇူလိုင်-၁၇

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ် ပြီးနောက် မြေမြှုပ်စွန့်ပစ်ခဲ့တဲ့ ရွာခံပြည်သူ အမျိုးသားတစ်ဦးရဲ့ အလောင်းတစ်လောင်း ထပ်မံ တွေ့ရတာကြောင့် သတ်ဖြတ်ခံရတဲ့ ပြည်သူ ငါးဦးအထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇူလိုင် ၁၅ ရက်က မြိုင်မြို့နယ် တောင်ပိုင်း၊ ဝါးရင်းချိုင်ကျေးရွာမှာ စစ်အုပ်စုက လည်ပင်းလှီးဖြတ်ကာ သတ်ဖြတ်ပြီး မြေမြုပ်ထားခဲ့တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရဲ့ အလောင်းကို ထပ်မံ တွေ့ရှိရတာလို့ ဆိုပါတယ်။

“လည်လှီးသတ်ပြီး တိမ်တိမ်လေး မြုပ်ခဲ့တာ၊ စစ်ကြောင်း စဝင်ဝင်ချင်းမှာ ပြေးရင်း မလွတ်သွားတာ” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သေဆုံးသူဟာ ဝါးရင်းချိုင်ကျေးရွာက ကိုဖိုးပိန် ဆိုသူဖြစ်ပြီး စစ်အုပ်စု လက်က လွတ်အောင် မပြေးနိုင်လို့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ကာ သူ့ရဲ့ အလောင်းကို ကျေးရွာအတွင်းမှာပဲ မြုပ်နှံ ထားခဲ့တာကြောင့် ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေက အလောင်းကို ပြန်ဖော်ပြီး သင်္ဂြိုလ်ပေးခဲ့ရတယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ ဝါးရင်းချိုင်ရွာအတွင်း လူသတ်ရုံမက နေအိမ်တွေ ဖောက်ထွင်းကာ တန်ဖိုးရှိ ပစ္စည်းနဲ့ စားသောက်စရာတွေကို ခိုးယူသယ်ထုတ်သွားတယ်လို့လည်း အညာမြေတပ်ပေါင်းစုက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်က ထွက်လာတဲ့ အာဏာသိမ်း စစ်အုပ်စု စစ်ကြောင်းဟာ လက်နက်အားကိုးနဲ့ ပေါက်နဲ့မြိုင်နယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ဇူလိုင် ၁၄ ရက်ကလည်း ပေါက်နဲ့မြိုင်နယ်အစပ်ရှိ ကန်နက်ကျေးရွာ၊ မြင်းကိုးသစ်ကျေးရွာနဲ့ ကိုင်းတောမ ကျေးရွာတွေက ရွာခံပြည်သူ အမျိုးသား လေးဦးကို စစ်အုပ်စုက ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်ပြီးနောက် မြေမြှုပ်စွန့်ပစ်ခဲ့တဲ့ လက်ပြန်ကြိုးတုပ်ခံထားရတဲ့ အလောင်းတွေကို ဒေသခံတွေ တွေ့ရှိခဲ့ပါသေးတယ်။

အဲ့ဒီ ကျေးရွာတွေကို စစ်အုပ်စုက စီးနင်းလုယက်၊ ပစ္စည်းပိုင် ပစ္စည်းတွေ ခိုးယူ သယ်ထုတ်ပြီးနောက် နေအိမ်တွေကို မီးတင်ရှို့ကာ ရွာထဲက ပြန်ထွက်သွားချိန် ဒေသခံတွေ ကျေးရွာတွေအတွင်း ဝင်ရောက် စစ်ဆေးကြည့်ရှု့ရာ အထက်ပါအတိုင်း မြေမြှုပ်စွန့်ပစ်ထားတဲ့ အလောင်းတွေ တွေ့ရတာလို့ ဆိုပါတယ်။

ကန်နက်၊ မြင်းကိုးသစ်နဲ့ ကိုင်းတောမကျေးရွာတွေအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ ပြည်သူ လေးဦး အနက် အသက် ၆၀ ကျော်အရွယ် အဖိုးအိုတွေလည်း ပါဝင်ကာ စစ်အုပ်စု စစ်ကြောင်းဝင်ချိန် လွတ်အောင် မပြေးနိုင်လို့ ဖမ်းဆီးခံရပြီးနောက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတာ ဖြစ်မယ်လို့ အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင် ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

“ကန်နက်က ပြည်သူတွေက မြင်းကိုးသစ်ရွာ မြောက်အစွန်းမှာ မြုပ်ခဲ့တာ၊ လက်ပြန်ကြိုး တုပ်တယ်၊ ဓားနဲ့ ထိုးတယ်၊ လည်လှီးတယ်၊ ပြီးတော့ အဝတ်စလစ်တွေ၊ တစ်ယောက်က သတ်ခဲ့တဲ့ဓားပါ အတူ တွဲပြီး မြုပ်ခဲ့တာ၊ မြင်းကိုးသစ်က အသက် ၆၀ ကျော် ပြည်သူတစ်ယောက်ရယ်၊ ကိုင်းတောမ ကျေးရွာက အသက် ၅၀ ကျော် အမျိုးအသား တစ်ယောက် ရုပ်အလောင်းတွေပါ ထပ်တွေ့တာ”

ပေါက်နဲ့မြိုင်နယ်ထဲ အင်အား ၁၀၀၀ လောက်အထိ အသုံးပြုကာ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုဟာ ယခု ငါးရက်အတွင်း ဒေသခံပြည်သူ ငါးဦးကို သတ်ဖြတ်စွန့်ပစ်ခဲ့ပြီး ဖြစ်သလို ထောက်ရှာပင်၊ ကန်နက်နဲ့ လက်ခုပ်ပင် ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ထောက်ရှာပင်ကျေးရွာကို မီးရှို့ဖျက်ဆီးချိန် နေအိမ်တွေသာမက ကျေးရွာအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြုးတဲ့ ထရန်စဖော်မာကိုပါ မီးရှို့ ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ကျေးရွာအတွင်း ဝင်ရောက် ရှင်းလင်းရာမှာ ပါဝင်တဲ့ ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုးက MFP ကို ပြောပါတယ်။

“နေအိမ်တွေဆိုလည်း အိမ်တိုင်းလိုလို ဖျက်ဆီးခဲ့ပါတယ်၊ မီးမရှို့တဲ့ အိမ်တွေဆိုလည်း ရစရာ မရှိအောင် ဖျက်ဆီးခဲ့တယ်၊ တစ်ရွားလုံးနီးပါးပဲ”

ပေါက်နဲ့မြိုင်နယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ လက်ရှိမှာတော့ မြိုင်နယ်ရှိ ကျွဲတွင်းကျေးရွာနဲ့ အနီးတဝိုက်ကို ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်းထိုးသလို လေကြောင်းကနေလည်း ဗုံးပတ်ကြဲနေပြီး လက်ရှိမှာလည်း ကျွဲတွင်းရွာအနီးရှိ စစ်အုပ်စု စစ်ကြောင်းအတွက် Y-8 ထောက်ပို့လေယာဉ်နဲ့ လက်နက်ခဲယမ်းတွေ ချပေးနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် မြိုင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာ ရှစ်ရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

မြိုင်နယ် ဝါးရင်းချိုင်ရွာအတွင်း စစ်အုပ်စူက ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ အလောင်းနဲ့ နေအိမ်တွေကို ဖောက်ထွင်းလုယက် ဖကျ်ဆီးခဲ့စဉ် /Photo – အညာမြေတပ်ပေါင်းစု၊ ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ပေါက် #မြိုင်

Related Articles

Back to top button