
MN/MFP ၊ ဇူလိုင် – ၁၇
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ဆင်မြေ၊ ငါးလုံးတင်နဲ့ မှန်ချိုကျေးရွာတွေကို ပြီးခဲ့တဲ့ ဇွန်လအတွင်း အာဏာသိမ်း စစ်အုပ်စုက စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့တာကြောင့် အိမ်ခြေ ၃၀၀ ကျော် ပြာကျပြီး မီးဘေးသင့် ပြည်သူတွေ ပြန်လည် ထူထောင်ရေးအတွက် အကူအညီ လိုအပ်နေ တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ချောင်းဦးမြို့နယ်တောင်ခြမ်း ချောင်းဦး-ပခုက္ကူ ကားလမ်းဘေးရှိ ကျေးရွာတွေကို ဇွန်လ ၁ ရက်ကနေ ၁၂ ရက်ထိ စစ်အုပ်စု အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးကာ စီးနင်းလုယက် မီးရှို့တာကြောင့် ဆင်မြေရွာက အိမ်ခြေ ၂၈၀၊ ငါးလုံးတင်ရွာက အိမ်ခြေ ၂၈ လုံးနဲ့ မှန်ချိုရွာက အိမ်ခြေ ၂၈ လုံး စုစုပေါင်း အိမ်ခြေ ၃၃၀ ကျော် မီးလောင်ပြာကျခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ နေအိမ်တွေသာမက ဆင်မြေရွာရှိရှေးဟောင်းနှီးဘုရား မဟာလာဘမုနိ ချမ်းသာကြီး မြတ်စွာဘုရား ရုပ်ပွားတော် အပါအဝင် သာသနိက အဆောက်အဦးတွေပါ မီးရှို့ဖျက်ဆီးခဲ့သလို ဆင်မြေရွာက လေဖြတ်နေလို့ မသွားလာနိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး၊ ငါးလုံးတင်နဲ့ ရွာတော်လေးရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦး၊ စုစုပေါင်း သုံးဦးကိုလည်း ညှဉ်းပန်းနှိပ်စက်ကာ မီးရှို့ သတ်ဖြတ်ခဲ့ပါတယ်။

ဆင်မြေ၊ ငါးလုံးတင်နဲ့ မှန်ချိုကျေးရွာတွေက မီးဘေးသင့်ပြည်သူ ၁၀၀၀ ကျော်ဟာ စားဝတ်နေရေးနဲ့ ပြန်လည် ထူထောင်ရေးအတွက် အခက်အခဲ ကြုံတွေ့နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မီးဘေးသင့်ပြည်သူတွေက MFP ကို ပြောပါတယ်။
“ကျွန်တော်တို့ တောသူတောင်သားတွေဆိုတာ အခုအချိန်မှာ တောထဲကို တမနက်ခင်းလိုက်မှ (ကျပ်) ငါးထောင်ပဲ ရတာလေ။ အခုက (မီးလောင်ခဲ့တဲ့အိမ်) ဘိုးစဉ်ဘောင်ဆက် စုဆောင်းလာခဲ့ရတဲ့ဟာတွေ။ ကျွန်တော်တို့ စုဆောင်းလာခဲ့ရတာတွေက တချို့တောင်သူကြီးတွေလို တောင်သူကနေ ရလို့မို့ဆို တမျိုးပေါ့။ ကျွန်တော်တို့ဆိုတာ တံစဉ်ကိုင် ပေါက်ပြားကိုင်ပြီးတော့မှ စုဆောင်းလာရတာလေ၊ ဒီလို အိမ်တစ်လုံး ဖြစ်ဖို့ဆိုတာက။ အဓိက,ကတော့ ဝင်းတစ်ဝန်း ဝယ်ဖို့ဆိုရင်တောင် ကျွန်တော်တို့လို အိမ်ထောင်ခွဲတွေအနေနဲ့ လေး၊ငါး၊ဆယ်နှစ်ဆိုရင်ကို မရနိုင်သေးဘူး။ အခုဆိုရင် ရေမော်တာတွေ စက်တွေပါ လောင်သွားတာဆိုတော့ ရေအတွက်ပါ အခက်အခဲ ဖြစ်နေတယ်။ အခက်အခဲ ဖြစ်နေတာတွေကတော့ အများကြီးပါ။ အခု မီးလောင်တဲ့ အိမ်လေးတွေက အဆင်ပြေသလို တဲလေးတွေ ပြန်ဆောက်ပြီး နေနေကြတယ်။ အခုလောလောဆယ် စားဝတ်နေရေးအတွက်က အဖွဲ့အစည်းလေးတွေကနေ လာလှူပေးနေတာတော့ ရှိပါတယ်”လို့ ဆင်မြေရွာက မီးဘေးသင့်ဒေသခံက ပြောပါတယ်။
နေအိမ်မီးလောင်ပြာကျသွားတဲ့ ဒေသခံတွေဟာ မီးလောင်ပြင်ရှင်းလင်းပြီး တဲအိမ်ဆောက်လုပ် နေထိုင်နေကြသူတွေရှိသလို နီးစပ်ရာဆွေမျိုးတွေဆီ နေထိုင်ကြသူတွေလည်း ရှိပြီး ပြန်လည် ထူထောင်ရေးအတွက် အကူညီတွေ လိုအပ်နေတယ်လို့ နောက်ထပ် ဆင်မြေရွာခံ တစ်ဦးက ဆိုပါတယ်။

“အခက်ခဲတွေ လိုအပ်ချက်တွေက အများကြီးဆိုတော့ ဘယ်ကစပြောလို့ ပြောရမှန်းမသိတော့ဘူး။ လိုအပ်တာတွေကတော့ အများကြီးပါ။ အခုကတော့ မီးဘေးသင့်ပြည်သူတွေက တချို့ကတော့ ဟိုကပေး ဒီကပေးနဲ့ ရတဲ့ဟာလေးတွေနဲ့ တဲအိမ်လေးတွေ ဆောက်ပြီးတော့ နေကြပြီ။ တချို့ကျတော့လည်း ဘုန်းကြီးကျောင်းမှာ မနေကြတော့ဘဲနဲ့ ကိုယ့်နီးစပ်ရာတွေမှာ သွားနေကြတော့တာ။ အခုထိ မိုးကလည်း မရွာသေးတော့ မီးလောင်ထားတဲ့နေရာတွေက အရမ်းပူနေတာ။ အခု ကျုပ်တို့ဘက်က မိုးကခေါင်နေတာ မရွာဘူး။ မိုးခေါင်တော့ ပဲကြဲ၊ နှမ်းကြဲ ဘာမှ မလုပ်ရဘူး။ အလုပ်မရှိ အကိုင်မရှိနဲ့ မီးဘေးကလည်း သင့်သွားတော့ တော်တော် ဒုက္ခရောက်သွားတာ။ လိုအပ်ချက်တွေကတော့ ရှိတာပေါ့။ စားဝတ်နေရေးကလည်း ဆန်တော့ရှိတာပေါ့။ ကျန်တဲ့ ဟင်းချက်စရာတော့ မရှိဘူးပေါ့။ စားဝတ်နေရေးလည်း ကြပ်တည်းကြတာပေါ့။ ဒန်အိုး၊ဒန်ခွက်တို့လည်း အဆင်မပြေကြဘူး။ မီးဘေးသင့်ပြည်သူတွေကို လာလှူကြတဲ့သူတွေကိုလည်း အဓိက,က ငွေကြေးလေး တတ်နိုင်သလောက် လှူပေးကြဖို့ပဲ ကျွန်တော်က တိုက်တွန်းဖြစ်ပါတယ်။ မီးဘေးသင့်ပြည်သူတွေကို ပစ္စည်းတွေအကုန်လုံး လိုက်လှူမယ်ဆိုရင်လည်း အိမ်ခြေ ၂၀၀ ကျော်ဆိုတော့ အဆင်မပြေဘူးလေ။ ငွေကြေးရှိမှပဲ သူတို့ လိုအပ်တာ ဝယ်လို့ရမှာ။ ဒါကြောင့် မီးဘေးသင့်ပြည်သူတွေအတွက်က တစ်သောင်းပဲ တတ်နိုင်တတ်နိုင် နိုင်သလောက် ငွေကြေးကူညီပေးတာကပဲ အဆင်ပြေမှာပါ။ ရပ်ရွာအတွက် တတ်နိုင်သလောက် ကူနိုင်သလောက်၊ လှူနိုင်သလောက် တောင်းဆိုချင်ပါတယ်”
ဆင်မြေ၊ ငါးလုံးတင်နဲ့ မှန်ချို ကျေးရွာတွေဟာ ချောင်းဦး-ရေစကြို-ပခုက္ကူ ကားလမ်းဘေးမှာ တဆက်တည်း တည်ရှိတဲ့ ကျေးရွာတွေဖြစ်ပြီး ဆင်မြေရွာက အိမ်ခြေ ၅၀၀ ဝန်းကျင်၊ ငါးလုံးတင်ရွာက အိမ်ခြေ ၇၀၀ ကျော်နဲ့ မှန်ချိုရွာက အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ ရွာကြီးတွေလည်း ဖြစ်ပါတယ်။

အဲ့ဒီ ချောင်းဦးနယ်ထဲ စစ်ကြောင်းထိုး၊ လူသတ်၊ မီးရှို့တဲ့ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန် ၁ ရက်ကနေ ၁၁ ရက်နအထိ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၄၀ ကျော် သေဆုံးပြီး သုံ့ပန်း နှစ်ဦးနဲ့ သေနတ် ၁၆ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

ချောင်းဦးမြို့နယ် ဆင်မြေကျေးရွာ ရှေးဟောင်းနှီးဘုရားကြီး အပါအဝင် နေအိမ်နဲ့ သာသနိက အဆောက်အအုံတွေကို အာဏာသိမ်း စစ်အုပ်စုက ဇွန်လအတွင်း မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ချောင်းဦး #ဆင်မြေရွာ



