စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မော်လိုက်နဲ့ ဖောင်းပြင်ကြား စစ်အုပ်စု ရေယာဉ်တွေကို နှစ်ရက်ဆက် တိုက်ခိုက်ရာ သုံးစီး ပျက်၊ တစ်စီး မြုပ်၊

စစ်အုပ်စု အသေအပျောက် ရှိ၊

​ဝင်းသိန်း/MFP၊ ဇူလိုင် – ၁၈ ​

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဖောင်းပြင်မြို့ဆီ ဆန်တက်တဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေ အပါအဝင် ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၁၅ နဲ့ ၁၆ ရက်တို့မှာ နှစ်ရက်ဆက် တိုက်ခိုက်ရာ စစ်ရေယာဉ် သုံးစီး ပျက်စီးပြီး တစ်စီး နစ်မြုပ်တယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

ဇူလိုင် ၁၅ ရက်က မော်လိုက်မြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းမှာ စစ်အုပ်စု ရေယာဉ်တွေကို တိုက်ခိုက်ခဲ့ပြီးနောက် ဇူလိုင် ၁၆ ရက်မှာလည်း စစ်ရေယာဉ်တွေ ဖောင်းပြင်မြို့နယ်အတွင်း ဝင်ရောက်လာချိန် ထပ်မံ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

​အဲ့ဒီ နှစ်ရက်တာ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုရဲ့ ဖလက်မော်တော် သုံးစီး ပျက်စီးကာ အဲ့ဒီအထဲက တစ်စီး ရေမြုပ်သွားခဲ့ပြီး ဗိုလ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု အများအပြားလည်း သေဆုံးတယ်လို့ ဆိုပါတယ်။

“စစ်အုပ်စုရဲ့ ဖလက်မော်တော် သုံးစီးကတော့ လုံးဝကို သုံးစားလို့မရအောင် ပျက်စီးသွားတာဗျ။ တစ်စီးကတော့ အတိုက်ခံရတဲ့ နေရာမှာတင် ရေထဲ မြုပ်သွားတယ်။ နောက်တစ်စီးကတော့ မီးလောင်သွားလို့ ကျန်တဲ့ သင်္ဘောတစ်စီးနဲ့ မနည်း ဆွဲယူသွားရတယ်” လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

ဇူလိုင် ၁၆ ရက်က ဖောင်းပြင်မြို့နယ်အတွင်း တိုက်ခိုက်မှုမှာ မော်တော်မောင်းနှင်သူနဲ့ ပြည်သူ့စစ် (ပျူစောထီး) တစ်ဦး သေဆုံးသလို စစ်အုပ်စု သစ္စာခံဝန်ထမ်း ဖောင်းပြင်မြို့၊ ပိတောက်မြိုင်ရပ်ကွက်မှာ နေထိုင်တဲ့ ဒု-ဦးစီးအရာရှိအဆင့် မင်းနိုင် ဆိုသူလည်း သေဆုံးတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။​

“ဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး သေဆုံးသွားလို့ တပ်ထဲမှာတင် သင်္ဂြိုဟ်လိုက်တယ်လို့ သိရတယ်။ ဗိုလ်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရလို့ ဆေးရုံတင်ထားရတယ်။ သေဆုံးတာနဲ့ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်လောက် ရှိပြီး တပ်နယ်ဆေးရုံကို ပို့ထားရတယ်လို့ ကြားရပေမဲ့ အတည်ပြုနိုင်ဖို့တော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ကျောင်းဆရာမ ငါးဦးလည်း ဒဏ်ရာရသွားတယ်” လို့ အထက်ပါ ဒေသခံ စစ်ရေး သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ရိက္ခာတင် ဖလက်မော်တော်ကို ဆွဲလာတဲ့ တွဲသင်္ဘောတစ်စီး နစ်မြုပ်ပြီး တခြား ထိခိုက်ဒဏ်ရာရ၊ သေဆုံးတာ မရှိဘဲ ဖလက်မော်တော်တချို့ သောင်တင်တာကြောင့် စစ်သင်္ဘောသုံးစီးနဲ့ ဝန်းရံကာ တွဲသင်္ဘောတွေက ဝင်ဆွဲခဲ့ရတယ်လို့ စစ်လော်ဘီတွေက တုန့်ပြန် သတင်းဖြန့်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေဟာ ဇူလိုင် ၁ရက် ညပိုင်းက ဖောင်းပြင်မြို့မှာ ညအိပ်ရပ်နားပြီး ဟုမ္မလင်းဘက်ကို ဆက်လက် ဆန်တက်ဖွယ်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်သင်္ဘောတွေ အပါအဝင် စစ်အုပ်စုရဲ့ ရေယာဉ်တွေ ဆန်တက်ချိန် မြစ်ကမ်းဘေးတလျှောက်ရှိ မြို့၊ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်တာ၊ ကမ်းကပ်ပြီး စီးနင်းလုယက်တာတွေ ကျူးလွန်လေ့ရှိလို့ ပြည်သူတွေ သတိထားကြဖို့ ဒေသခံအချင်းချင်း သတိပေး တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ မန္တလေးကနေ စတင် ထွက်ခွာလာတဲ့ စစ်သေင်္ဘာတွေ အပါအဝင် စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ် စုစုပေါင်း ၄၂ စီးအနက် အသုတ်လိုက်ခွဲကာ အစီးရေ ၂၀ ကျော်ဟာ မုံရွာကတဆင့် ချင်းတွင်းမြစ်အတိုင်း ဆန်တက်နေတာ ဖြစ်ပြီး ဇူလိုင် ၁၇ရက်မှာ ဖောင်းပြင်မြို့ကို ရောက်ရှိတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ချင်းတွင်းမြစ်ရေ တက်ချိန်တိုင်း ရေယာဉ်တွေ အသုံးပြုကာ ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ စစ်စခန်းနဲ့ ပျူစောထီးစခန်းတွေအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်လေ့ရှိပြီး အစုန် ခရီးအတွက် ဟုမ္မလင်းနဲ့ ချင်းတွင်းမြစ် အထက်ပိုင်းရှိ ကျောက်စိမ်းနဲ့ ရွှေလုပ်ကွက်တွေ အပါအဝင်  တူးဖော်ရရှိတဲ့ ကျောက်စိမ်း၊ ရွှေငွေနဲ့ သယံဇာတတွေ၊ ရွာစဉ်ပတ်မွှေ ဖောက်ထွင်း ခိုးယူထားတဲ့ ပြည်သူပိုင် ခိုးရာပါ ပစ္စည်းတွေကို ပြန်လည် သယ်ယူလာလေ့ ရှိတယ်လို့ ချင်းတွင်းမြစ်ရိုးတလျှောက် နေထိုင်သူတွေက ပြောပါတယ်။

မော်လိုက်နဲ့ ဖောင်းပြင်မြို့ကြား ချင်းတွင်းမြစ်ထဲမှာ တွေ့ရတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေ/Photo – စစ်အုပ်စု၊ ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #အညာ #ချင်းတွင်း #စစ်ရေယာဉ်

Related Articles

Back to top button