
သုထက်/MFP၊ ဇူလိုင် – ၁၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ပြည်သူကို ရန်ပြုကာ လူသတ်၊ လုယက်၊ မီးရှို့နေတာကြောင့် ကျေးရွာတွေအတွင်း မနေရဲဘဲ ကာလကြာရှည် စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံ ပြည်သူ ၂၅၀၀၀ ကျော် စားဝတ်နေရေးနဲ့ ကျန်းမာရေး အတွက် အကူအညီ လိုအပ်နေတယ်လို့ ကိုယ်တိုင်စစ်ဘေးရှောင်နေရသူတွေက MFP ကို ပြောပါတယ်။
ပုလဲနယ် အင်မထီး၊ ဇီးဖြူကုန်း၊ မင်းတိုင်ပင်နဲ့ ပုလဲမြို့တွေမှာ စစ်အုပ်စုက အထိုင်ချစခန်းချ ဂိတ်ဖွင့်ထားပြီး ဒေသခံတွေကို ရန်ပြုတာ၊ ရိက္ခာပြတ်ပြီး ငတ်လာတိုင်း စီးနင်း လုယက်တာတွေ ကျူးလွန်တာကြောင့် မင်းတိုင်ပင်နဲ့ ပုလဲမြို့ အပါအဝင် ပုလဲ – ဂန့်ဂေါ ကားလမ်းတလျှောက် ကျေးရွာတွေ၊ ပျူစခန်းအနီး ကျေးရွာတွေက ပြည်သူတွေ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
“အင်မထီးနဲ့ ဇီးဖြူကုန်း (ပျူစောထီးစခန်းဖွင့်) ဝန်းကျင် ရွာတွေက စစ်ရှောင်ရတာ လေးနှစ်ကျော်ပြီ၊ မင်းတိုင်ပင်က တစ်နှစ်ကျော်ကျော် ကြာပြီ။ ယာယီ စစ်ရှောင်အတွက် သိပ်မခက်ပေမဲ့ ရေရှည် စစ်ရှောင်တွေအတွက် စားဝတ်နေရေး အရမ်းခက်ခဲတယ်။ အချို့ဆို တအား ရုန်းကန်ကြရတယ်”လို့ အသက် ၈၆ နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးက MFP ကိုပြောပါတယ်။

ပုလဲမြို့နယ်ဟာ တောင်ပေါ်ကျေးရွာတွေနဲ့ မြေပြန့်ကျေးရွာတွေ စုပေါင်းထားတဲ့ မြို့နယ်ဖြစ်ပြီး စစ်အုပ်စု ရန်ကြောင့် မြေပြန့်ကျေးရွာ အများစု စစ်ဘေးရှောင်နေကြရတာလို့ ဆိုပါတယ်။
ကာလကြာရှည် စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေထဲက တချို့ဟာ တောင်ယာတွေမှာ ကူလီ လုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနေကြပေမဲ့ မပြေလည်ဘဲ စားသောက်နေထိုင်ရေး ခက်ခဲနေသလို ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
“စစ်ရှောင်ရတာတော့ ကြာပြီပေါ့ဗျာ။ အခက်အခဲတွေက ဆိုလို့ရှိရင်တော့ အရင်ကတော့ သုံးလေးလလောက် ရှောင်ရတာဆိုရင် အဆင်ပြေတယ်ပေါ့။ ဒါပေမယ့် လေးငါးခြောက်လ တစ်နှစ်လောက်ကြီး ရှောင်ရတာကျ အဆင်မပြေတော့ဘူး။ ဟိုရှောင်လိုက်၊ ဒီရှောင်လိုက်။ ကိုယ်ရှောင်တဲ့ရွာ စစ်ကြောင်းရောက်လာလိုက်နဲ့ ထပ်ရှောင်လိုက်နဲ့။ အချို့တွေဆို တောထဲတွေမှာ၊ အပင်ရိပ်ကောင်းတဲ့ နေရာတွေမှာ မိုးကာတဲလေးတွေနဲ့ နေရတာတို့၊ ဘုန်းကြီးကျောင်းတွေမှာ ရှောင်ရတာတို့ အများကြီးပေါ့။ စစ်ရှောင်ရတာတော့ အခက်အခဲရှိတာပေါ့။ အလုပ်တွေဘာတွေလည်း မရှိဘူးပေါ့၊ ဒီစစ်ကြောင်း ထွက်မလား ထွက်မလား စောင့်ရင်းနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ ရှောင်ရတာပေါ့” လို့ မင်းတိုင်ပင်ရွာခံ စစ်ရှောင်ပြည်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ပုလဲနယ်ရှိ မင်းတိုင်ပင်၊ ဇီးဖြူကုန်း၊ ကန့်ဒေါင့်၊ ကိုင်းတွင်း၊ သာယာကုန်း၊ အင်မထီး၊ တလှိုင်းကန်၊ သရက်ကန်၊ လက်ပုကန်၊ နှောကန်၊ ဦးနှောက်၊ ချောင်းဦး၊ နှောရိုး၊ သရက်၊ မြေနီကုန်း၊ ပိတောက်ကုန်း၊ သပြေကုန်း၊ အိုင်ရောင်း၊ အိုင်းမ၊ ငှက်ပျောတော၊ ထန်းတောတိုက်၊ ညောင်ပင်တိုက် စတဲ့ ကျေးရွာတွေက ပြည်သူ ၂၅၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေး နေကြရတာ ဖြစ်ပြီး စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ယင်းမာပင်ခရိုင်တစ်ခုလုံးကို ပြန်လည်စိုးမိုးနိုင်ဖို့နဲ့ ခရိုင်အတွင်းရှိ အဓိကကျတဲ့ ပုလဲ – ဂန့်ဂေါလမ်း၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းတွေ ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။


ပုလဲနယ်ရှိ စစ်ဘေးရှောင်ပြည်သူတချို့ကို တွေ့ရစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ပုလဲ #စစ်ဘေးရှောင်ပြည်သူ



