
ရက်ရှည်စစ်ရှောင်ရလို့ ကလေးငယ်နဲ့ အဖိုးအဖွားတွေ ကျန်းမာရေး ထိခိုက်ပြီး စိုက်ပျိုးသီးနှံတွေ ပျက်၊
Phoenix/MFP ၊ ဇူလိုင် – ၁၈
မကွေးတိုင်း၊ ချောက်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာကြောင့် ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးရတာ တစ်လနီးပါး ရှိလာပြီး စားသောက်နေထိုင်ရေး ခက်ခဲသလို ကျန်းမာရေး ထိခိုက်တာတွေ ကြုံနေရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ဇွန်လကုန်ပိုင်းကတည်းက ချောက်မြို့နယ်တောင်ပိုင်းကို ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ ထွက်မပြေးနိုင်တဲ့ အဖိုးအဖွားတွေကို မီးရှို့သတ်ဖြတ်မှု အပါအဝင် ဒေသခံပြည်သူ ၁၀ ဦးထက်မနည် သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၀ရွာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။
စစ်အုပ်စုက ရွာကို မီးရှို့ချိန် ဗုံးခိုကျင်းထဲ ပိတ်မိကာ သေဆုံးသူနဲ့ မီးရှို့သတ်ဖြတ်ခံရသူ အပါအဝင် တစ်ရွာတည်းတင် သက်ကြီးရွယ်အို သုံးဦး သေဆုံးတဲ့ ဖြစ်စဉ် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာမှာဆိုရင် အမေကြီးတစ်ယောက်နဲ့ အဖိုးနှစ်ယောက်နဲ့ အားလုံးပေါင်း ဒီစစ်ကြောင်းရက်က သုံးယောက် ဆုံးသွားတယ်ပေါ့နော်။ အမေကြီးနဲ့ အဖိုးတစ်ယောက်က ဒီ မီးရှို့ခံရတဲ့ထဲကို ပါသွားတာ။ ကျန်တဲ့ အဖိုးတစ်ယောက်က ရက်ရှည် ရှောင်ရမယ် မထင်တော့ ဗုံးခိုကျင်းထဲမှာ ထားခဲ့လိုက်ပေးတာ၊ တစ်ရက်နှစ်ရက်စာပဲ ရိက္ခာက ရှိမယ်ပေါ့နော်။ စစ်ကြောင်းက တအားကြီး ရက်ရှည်သွားတော့ ဗုံးခိုကျင်းထဲမှာပဲ အာဟာရပြတ်တာရယ်၊ ပြီးတော့မီးက တစ်ရွာလုံး ဟုန်းဟုန်းတောက်အောင် လောင်တော့ အဲ့ အပူရှိန်နဲ့ပဲ ဗုံးခိုကျင်းထဲမှာ ဆုံးသွားတာ အဲ့အဘက” လို့ လုံခြုံရေးအရ ရွာအမည် မဖော်ပြလိုတဲ့ မီးရှို့ခံရတဲ့ ကျေးရွာတစ်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

လုံလောက်တဲ့ အမိုးအကာ မရှိဘဲ တောထဲမှာ ရက်ရှည် စစ်ဘေးရှောင် နေထိုင်ရတာကြောင့် ကလေးငယ်တွေနဲ့ အဖိုးအဖွားတွေမှာ ကျန်းမာရေး ထိခိုက်မှု ကြုံရသလို စစ်ရှောင်ရက် ကြာရှည်လို့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးတာမျိုး ကြုံနေရတယ်လို့ ဆိုပါတယ်။
“တချို့ရွာတွေက တောထဲရှောင်ရတာ ရက်ကြာလာတော့ ကျန်းမာရေးကတော့ ထိကြတယ်။ ကလေးတွေလည်း အဖျားအနာ ထူနေတယ်။ အဖွားအိုတစ်ယောက်ဆို တောထဲရှောင်ရင်း လေဖြတ် သွားရှာတယ်။ ရှောင်ရတဲ့ နေရာတွေကလည်း ကွဲနေကြတော့ ဆေးဝါးတော့ မရှိကြတာများတယ်” လို့ မြေပြင် သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။


နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရချိန် သီးနှံမျိုးစေ့နဲ့ လယ်ယာသုံး ပစ္စည်းတွေလည်း မီးလောင် ဆုံးရှုံးရပြီး စိုက်ရေးပျိုးရေး လုပ်ဖို့ ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။
“စိုက်ပျိုးချိန်ရောက်ပြီဆိုတော့ မိုးရွာတယ်ဆိုရင် စိုက်ကြပျိုးကြရမှာ။ ဒါပေမဲ့ မိုးရွာသွားတယ်ဆိုပေမဲ့ စိုက်ပျိုးနိုင်တာ တော်တော်နည်းတယ်။ ဘာလို့လဲဆို မျိုးပဲဆန်တွေ မီးထဲမှာ ပါသွားတယ်။ မြေပဲတို့၊ ပဲတို့၊ နှမ်းတို့၊ ပဲစင်းငုံတို့ ကျဲဖို့ ထွန်တုံးတွေကအစ မီးထဲပါသွားတာ ဖြစ်တဲ့အတွက်ကြောင့် စိုက်ပျိုးဖို့က ခက်ခဲနေကြတယ်။ အလုပ်လုပ်စရာ မရှိဘူးပြောရမလား၊ စကားလုံးကို ဘယ်ဟာနဲ့ပြောရမလဲကို မသိတော့ပါဘူး” လို့ ချောက်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

ရွာတွေကို စီးနင်းလုယက် မီးရှို့ချိန် တွေ့သမျှပြည်သူကို ဖမ်းဆီးသတ်ဖြတ်တဲ့ စစ်အုပ်စုဟာ စစ်ရှောင်ပြည်သူတွေကို ဖမ်းမိပါက မသတ်ဘဲ ရွာထဲပြန်ဝင်ခိုင်းတာ၊ စာသင်ကျောင်းတွေ ပြန်ဖွင့်ခိုင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်အတွင်း ချောက်မြို့ရှိ ခြေလျင်တပ်ရင်း (ခလရ) ၁၃ က ထွက်လာတဲ့ အင်အား ၅၀၀ ခန့်ပါ စစ်အုပ်စုနဲ့ ချောက်မြို့နယ် ဝါဇီငွေထုတ်စက်ရုံ၊ စလေမြို့နဲ့ ပုဂံ-ညောင်ဦးမြို့ကနေ ထွက်လာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်အုပ်စု ပူးပေါင်း စစ်ကြောင်းတို့က ချောက်မြို့နယ် တောင်ပိုင်းကို ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
MFP က ရရှိထားတဲ့ အချက်အလက်တွေအရ ဇွန်လကုန်ပိုင်းကနေ ယခု ဇူလိုင်လဝက်အထိ ချောက်မြို့နယ်ရှိ ဆူးတော၊ ရွာမ၊ ညောင်ဇင်၊ လေးပင်ကုန်း၊ ညောင်ချောင်း၊ ဝံဂင်္ဘာ၊ ပွင့်လင်း၊ ဆူးရစ်ကန်၊ ကြိတ်စု (တ)၊ သုံးဆင့်နဲ့ မြေပဒုံ အပါအဝင် ကျေးရွာ ၁၁ ရွာထက်မနည်းကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

အဲ့ဒီ မီးရှို့ခံရတဲ့ ကျေးရွာတွေ အပါအဝင် ချောက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေရတာ ဖြစ်ပြီး တစ်လနီးပါးကြာ လက်ရှိအချိန်ထိ ကျေးရွာတွေထဲ ပြန်မဝင်ရဲသေးဘဲ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေကြောင်း သိရပါတယ်။
ချောက်မြို့နယ်ထဲ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို ခုခံတိုက်ခိုက်ရင်း ဇူလိုင် ၁၀ ရက်က ချောက်မြို့နယ် စလေတိုက်နယ်နဲ့ ရေနံချောင်းမြို့ကြားမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ တော်လှန်ရေး ရဲဘော် ၂၃ ဦး ကျဆုံးခဲ့ပါတယ်။

အဲ့ဒီ ချောက်မြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကို ဇွန်လနောက်ဆုံးပတ်အတွင်း တော်လှန်ရေး တပ်တွေက ဇောင်းတောကန်၊ လေးပင်ကုန်းနဲ့ မြေနီလိန်ကျေးရွာတွေအနီး တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၁၀ ယောက် သေပြီး MA-1၊ MA-4 သေနတ်တွေနဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မကွေးဒေသတွင်း ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ၊ တိုက်ပွဲတွေနဲ့ စစ်အုပ်စု ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကောက်ယူပြုစုပြီး လစဉ်ထုတ်ပြန်နေတဲ့ အရပ်ဘက် အဖွဲ့တစ်ခုဖြစ်တဲ့ တမာဖွံ့ဖြိုးရေး အင်စတီကျူ (Tamar Institute of Development) ရဲ့ ထုတ်ပြန်ချက်အရ ဇွန်လအတွင်း မကွေးဒေသ မြို့နယ် ၁၆ မြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေ တိုက်ပွဲ စုစုပေါင်း ၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ဘောင် ပိုမိုကျယ်ပြန့်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန်လအတွင်း စစ်အုပ်စုက မကွေးဒေသထဲ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု ၉၇ ကြိမ် ကျူးလွန်ခဲ့ပြီး စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေနဲ့ မီးရှို့မှုတွေကြောင့် ပြည်သူပိုင်နေအိမ်နဲ့ အဆောက်အဦး ၃၁၈ လုံး မီးလောင်ပျက်စီးကာ မြို့နယ် ရှစ်မြို့နယ်က ပြည်သူ ၄၉,၈၀၀ ဦးခန့် အိုးအိမ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းကျော် ရှိပြီး မကွေးတိုင်းထဲမှာ စစ်ဘေးဒုက္ခသည် သုံးသိန်းခန့် (နှစ်သိန်းရှစ်သောင်း) ရှိတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း ချောက်မြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ နေအိမ်တွေ ဖောက်ထွင်းလုယက် မီးရှို့ဖျက်ဆီးထားစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ချောက် #မကွေး #ဝါဇီစက်ရုံ



