မကွေးသတင်း

မြိုင်နဲ့ပေါက်မှာ စစ်အုပ်စုက ပြည်သူ ငါးဦးကို သတ်ဖြတ်စွန့်ပစ်၊ ကျေးရွာလေးရွာ မီးရှို့ဖျက်ဆီး၊

စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုးလို့ သောင်းချီတဲ့ပြည်သူတွေ ထွက်ပြေးနေရ၊

‌အီသာရမ်/MFP၊ ဇူလိုင်-၁၇

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ပေါက်မြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ငါးရက်အတွင်း ဒေသခံပြည်သူ ငါးဦးကို သတ်ဖြတ်စွန့်ပစ်ခဲ့ပြီး ဖြစ်သလို ကျေးရွာ လေးရွာက ရာချီတဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပေမဲ့ ဆက်လက် စစ်ကြောင်း ထိုးနေဆဲမို့ သောင်းနဲ့ချီတဲ့ ရွာခံတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်က ထွက်လာတဲ့ စစ်အုပ်စုဟာ ဇွန်လ နောက်ဆုံးအပတ်က စတင်ပြီး မြိုင်နဲ့ ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ ဖောက်ထွင်းလုယက် ခိုးယူနေတာ ဖြစ်ပြီး ဇူလိုင် ၁၂ရက်က စလို့ ပြည်သူကို သတ်ဖြတ်ကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ဇူလိုင် ၁၂၊ ၁၃ နဲ့ ၁၄ရက်တွေမှာ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ၊ မြိုင်မြို့နယ် ကန်နက်ကျေးရွာ၊ မြင်းကိုးသစ်ကျေးရွာ၊ ကိုင်းတောမကျေးရွာနဲ့ ဝါရင်းချိုင်ကျေးရွာတွေက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး လက်ပြန်ကြိုးတုပ်၊ ခုတ်ထစ်ထားတဲ့ ဒဏ်ရာတွေနဲ့ မြေမြှုပ်ထားတဲ့ ပြည်သူ ငါးဦးရဲ့ အလောင်းတွေ တွေ့ရတာ ဖြစ်တယ်လို့ ဒေသတွင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

“ကန်နက်က ပြည်သူတွေဆိုရင် ရွာနဲ့ အရမ်းမဝေးတဲ့ တောထဲမှာ စစ်ရှောင်နေတာ၊ လက်ခုတ်ပင်(ရွာ)ဘက်ကို ကူးတဲ့ စစ်ကြောင်းက တွေ့ပြီးခါမှ ဖမ်းဆီး သတ်ဖြတ်ခံရတာပေါ့၊ သူတို့ဆိုရင် တအား ရက်ရက်စက်စက် သတ်ဖြတ်တဲ့ သဘောရှိတယ်ဗျ၊ တော်တော်လည်း ညှင်းပန်း နှိပ်စက်ထားတဲ့ သဘောရှိတယ်၊ အဝတ်ဗလာဗျာ၊ မြုပ်ထားတဲ့နေရာမှာ ခန္တာကိုယ်မှာ အဝတ်တွေ မရှိတော့ဘူး၊ တံခေါက်ကြောတွေကို ဓားနဲ့ဖြတ်တယ်၊ ဖနောင့်ကြောတွေကို ဓားနဲ့ ဖြတ်တယ်၊ လည်ပင်းကိုလည်း ဓားနဲ့လှီးတယ်၊ မြုပ်ပြီးခါမှ အလောင်းကို ဖော်တဲ့အချိန်မှာ စအိုထဲကနေ ဓားမြှောင် ထွက်ကြတဲ့အထိ ညှင်းပန်းနှိပ်စက်ထားတာ”

စစ်အုပ်စုက သတ်ဖြတ်သွားတဲ့ ပြည်သူတွေထဲ ကန်နက်ရွာမှာ အသက် ၆၃ နှစ်အရွယ်အထိ ပါဝင်သလို မြင်းကိုးသစ်ရွာမှာ အသက် ၇၀ ကျော်အရွယ် အဖိုးအိုပါ သတ်ဖြတ်ခံရတာဖြစ်ပြီး စစ်အုပ်စုက ရွာခံတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီးနောက် အလောင်းတွေကို ဖြစ်သလို မြေမြှုပ်စွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ စစ်အုပ်စုဟာ ထောက်ရှာပင်ကျေးရွာ၊ ကန်နက်ကျေးရွာ၊ လက်ခုတ်ပင်ကျေးရွာနဲ့ မြင်းကိုးသစ်ကျေးရွာတွေကို စီးနင်းချိန် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်သလို နေအိမ်တွေကို ဖောက်ထွင်းကာ တန်ဖိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီးနောက် ရွာကိုပါ မီးတင်ရှို့ ဖျက်ဆီးခဲ့လို့ ကျေးရွာ လေးရွာပေါင်း အိမ်ခြေ ၁၀၀ ခန့် ပြာကျပျက်စီးတယ်လို့ ဆိုပါတယ်။

“၁၃ ရက်နေ့မှာပဲ ကန်နက်ရွာက နေအိမ် ၁၇ လုံး မီးရှို့တယ်၊ လက်ခုတ်ပင်ကျေးရွာက နေအိမ် တချို့လည်း မီးရှို့တယ်၊ ၁၄ ရက်နေ့မှာ လက်ခုတ်ပင်ထဲကို ဆက်ဝင်ပြီး အဲဒီမှာ ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်း ရှိတယ်၊ လက်ခုတ်ပင်ကတော့‌နေအိမ် ၃၁ လုံး မီးရှို့ခံရတယ်” လို့ ဆရာထွေးက ဆက်ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်အုပ်စုက မြိုင်နယ်ထဲ ဆက်လက် ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ကျောက်ခွက်ရေနံမြေအနီးက ကျွဲတွင်းကျေးရွာကို စီးနင်းထားကာ Y8 အမျိုးအစားလေယာဉ်နဲ့ ခဲယမ်းရိက္ခာတွေ ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက လူသတ်၊ လုယက်၊ မီးရှို့၊ ဖမ်းဆီးရန်ပြုနေလို့ မြိုင်နယ်တောင်ပိုင်းရှိ  ကျွဲတွင်း၊ ဆိပ်သာ၊ ဝက်ပုတ် စတဲ့ ကျေးရွာ ရှစ်ရွာထက်မနည်းက သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း လူသတ်၊ မီးရှို့၊ ဗုံးကြဲတာတွေ နေ့စသ် ကျူးလွန်နေတာ ဖြစ်ပြီး အတုအယောင် ရွေးကောက်ပွဲ လုပ်ကာ မင်းအောင်လှိုင် ယူနီဖောင်း ပြောင်းဝတ်တဲ့ ဧပြီကနေ ဇွန်လကုန်အထိ ရက် ၇၀ ကျော်အတွင်း နိုင်ငံတဝန်း စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ၂၇၇ ဦး သေဆုံးတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားပါတယ်။

ပေါက်နဲ့ မြိုင်နယ် ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုးကာ သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ အလောင်းနဲ့ အသက်ဘေးက ကင်းလွတ်ရေး ထွက်ပြေးနေရတဲ့ ပြည်သူတွေ/ Photo – အညာမြေတပ်ပေါင်းစု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ပေါက် #မြိုင်

Related Articles

Back to top button