မန္တလေးသတင်း

နွားထိုးကြီးက စစ်အုပ်စုပစ်မှတ်နေရာ လေးခုကို NPDF တိုက်ခိုက်၊ ဒရုန်းတစ်စီး ရ၊

လူလေး/MFP ၊ ဇူလိုင် – ၁၈

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းက အာဏာသိမ်းစစ်အုပ်စုအထိုင် ပစ်မှတ်နေရာ လေးခုကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် PDF အမှတ် (၄-၁၀) တပ်ရင်း (NPDF) က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇူလိုင် ၁၇ မနက်ပိုင်း နွားထိုးကြီးမြို့နယ်အတွင်းက ပြင်စည်ရဲစခန်း၊ စာသင်ကျောင်းနဲ့ ထိမ္ဘလားရွာတို့မှာရှိတဲ့ စစ်အုပ်စုကို မြင်းခြံခရိုင် PDF အမှတ် (၄-၁၀) တပ်ရင်း က  ပြောက်ကျား တိုက်ခိုက်ခဲ့စလို ခက်လန်းရွာရှိ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း အာဏာသိမ်း စစ်အုပ်စုဘက်က ငါးဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသလို ဒရုန်းတစ်စီး သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်ကလည်း နွားထိုးကြီးမြို့အထွက်မှာ ရှိတဲ့ စစ်အုပ်စုဂိတ်၊ ဇွန် ၂၁ ရက်မှာ ရှင်ပင်သာဒွန်းဦး ဘုရားပေါ်က စစ်အုပ်စုတို့ကို မြင်းခြံခရိုင် PDF အမှတ် (၄-၁၀) တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နွားထိုးကြီးမြို့ပေါ်ကနေ စစ်အုပ်စု လွှတ်တင်လိုက်တဲ့ ဒရုန်းတစ်စီးကို သိမ်းဆည်း ရမိခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နွားထိုးကြီးမြို့ကို ပြီးခဲ့တဲ့ လပိုင်းအတွင်း စစ်အုပ်စုက ပြန်လည် ထိုးစစ်ဆင်ကာ သိမ်းယူပြီးနောက် အုပ်ချုပ်ရေး ယန္တရားတွေ လည်ပတ်ဖို့ ကြိုးစားနေပြီး တော်လှန်ရေးတပ်တွေက နွားထိုးကြီးမြို့ပေါ်ရှိ စစ်အုပ်စုကို မကြာခဏ ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

နွားထိုးကြီး တိုက်ပွဲကနေ သိမ်းဆည်း ရရှိတဲ့ ဒရုန်း/Photo – မြင်းခြံခရိုင် PDF အမှတ် (၄-၁၀) တပ်ရင်း

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#မန္တလေး #အညာ #နွားထိုးကြီး #NPDF

Related Articles

Back to top button