
Phoenix/MFP ၊ ဇူလိုင် – ၂၀
အာဏာသိမ်း စစ်အုပ်စုရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး ရက် ၁၀၀ ပြည့်မြောက်ချိန် မန္တလေးမြို့မှာ တစ်နှစ်နီးပါးကြား မဖြစ်ပွားတဲ့ ရွှေဆိုင်ဓားပြတိုက်မှု ဒီကနေ့ ဇူလိုင် ၂၀ရက်မှာ ပြန်လည် ဖြစ်ပွားတယ်လို့ သတင်းရရှိပါတယ်။
ဇူလိုင် ၂၀ရက် ဒီကနေ့ ညနေ ၃နာရီခွဲဝန်းကျင်အချိန် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း (မနော်ဟရီလမ်း) ပေါ်ရှိ မီလျံနာရွှေဆိုင်ကို ဆိုင်ကယ်သုံးစီးနဲ့ ရောက်လာတဲ့ သေနတ်အတို ကိုင်ထားသူ အပါအဝင် လူခြောက်ဦးက ဝင်ရောက် ဓားပြတိုက်တာဖြစ်ပြီး ရွှေ တစ်ပိဿာဝန်းကျင် ပါသွားတယ်လို့ စစ်အုပ်စု တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြပါတယ်။
CCTV မှတ်တမ်းတွေအရ အရပ်ဝတ် ဝတ်ဆင်ကာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားသူတွေက ရွှေဆိုင်ကို ဓားပြတိုက်တာ ဖြစ်ပြီး ဆိုင်ဝန်ထမ်းတစ်ဦးရဲ့ ဦးခေါင်းကို သေနတ်ဒင်နဲ့ ထုရိုက်ခဲ့တာ တွေ့ရပါတယ်။
မန္တလေးမြို့မှာ စစ်အာဏာသိမ်းပြီးနောက် ရွှေဆိုင်ဓားပြတိုက်မှုတွေ အပါအဝင် ဓားပြမှု၊ လူသတ်လု ယက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လွန်ခဲ့တဲ့ လတွေအတွင်း စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ ကာလနဲ့ စစ်အုပ်စု အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်နေချိန် ဓားပြမှုတွေ လျော့နည်းခဲ့ပါတယ်။
လက်ရှိမှာ စစ်အုပ်စုရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေး ရက် ၁၀၀ စီမံချက်ပြည့်ချိန် မန္တလေးမြို့မှာ ရွှေဆိုင် ဓားပြတိုက်မှု ပြန်လည် ဖြစ်ပွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း မန္တလေးမြို့ပေါ်ရှိ ဆယ်သန်းရွှေဆိုင်၊ အောင်ရွှေဆိုင်၊ ချောင်ချောင်ရွှေဆိုင်၊ ရွှေစင်အကယ်ဒမီနဲ့ နဂါးနန်းတော် ရွှေဆိုင် စတဲ့ ရွှေပိဿာချီတဲ့ ရွှေဆိုင်ဓားပြမှုတွေ ဖြစ်ပွားခဲ့ပြီး ဓားပြတိုက်သူတွေကို စစ်အုပ်စု ရဲက ဖမ်းဆီးမိရာ ပျူစောထီးနဲ့ ရဲတွေ ကိုယ်တိုင် ပါဝင် ကျူးလွန်တယ်လို့ စစ်အုပ်စု ရဲ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
မန္တလေးမြို့ပေါ် နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ ရွှေဆိုင် ဓားပြတိုက်မှုဟာ ၂၀၂၅ ဇူလိုင် ၂၄ရက်က ဖြစ်ပြီး မဟာအောင်မြေမြို့နယ်၊ ၃၉လမ်းနဲ့ ၈၅လမ်းရှိ ရွှေနန်းသုခရွှေဆိုင်ကို ကားနဲ့ လာတဲ့ လူတစ်စုက သေနတ်ပစ်ဖောက် ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။
မန္တလေးမြို့နဲ့ ထိစပ်နေတဲ့ မေမြို့မှာတော့ ပြီးခဲ့တဲ့ ဧပြီ ၇ရက်ကပဲ ရွှေဆိုင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့သေးပြီး မေမြို့။ ရပ်ကွက်ကြီး ၁၀၊ ချယ်ရီလမ်းပေါ်ရှိ စိန်ရွှေရတနာဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရကာ ကျပ်သိန်း ၃၄၀၀ ကျော်တန်ဘိုးရှိ ရတနာပစ္စည်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



